DVB Logo
Home
မြန်မာသတင်း
ကြူကုတ် (ပန်ဆိုင်း)မြို့မှာ လူငယ် ၁ ဦးကို အမည်မသိအဖွဲ့ ဖမ်းဆီး
DVB
·
August 13, 2022
ကြူကုတ် (ပန်ဆိုင်း)မြို့မှာ လူငယ် ၁ ဦးကို အမည်မသိအဖွဲ့ ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊   ကြူကုတ် (ပန်ဆိုင်း) မြို့က ကုန်စုံဆိုင်မှာ လာရောက် အလုပ် လုပ်တဲ့ အသက် ၂၀ အရွယ် ဆိုင်းနော်ဆိုသူကို အမည်မသိအဖွဲ့က ဩဂုတ် ၉ ရက်မှာ ဖမ်းဆီးသွားတယ်လို့ သူ့မိသားစုနဲ့ အသိမိတ်ဆွေတွေက ပြောပါတယ်။

ဆိုင်းနော်ဟာ ဈေးသွားပြီး စားစရာဝယ်ရာက ပြန်လာချိန် လူ ၄ ယောက်ပါတဲ့ အမည်မသိအဖွဲ့ က သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသလို နောက်ထပ် လူငယ် ၁ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးသွားတယ်ဆိုတဲ့အကြောင်း  အကိုဖြစ်သူက ဆိုပါတယ်။

ဖမ်းဆီးခံရသူ အစ်ကိုက‌ “သူ ပျောက်သွားတဲ့ အချိန်က ၉ ရက်နေ့ ညနေ ၄ နာရီလောက်တည်းက ပျောက်သွားတာ။ အဲဒီကတည်းက သူ့ကို အဆက်အသွယ်မရဘူး။ အဲဒီည ၉ နာရီကျော် ၁၀ နာရီ လောက်မှ တခြား ဖုန်းနံပါတ်အစိမ်းနဲ့ ဖုန်းဆက်လာလို့ သိရတယ်” လို့ ပြောပါတယ်။ 

အဲဒီနောက် ကားပေါ်အရောက် ခေါင်းငုံ့ ခိုင်းကာ သေနတ်နဲ့ ချိန်ပြီး ကြူကုတ်(ပန်ဆိုင်း) ကနေ နမ့်တောင်းဘက်ကို ကားနဲ့ ခေါ်သွားချိန် လမ်းမှာ အဖွဲ့ တဖွဲ့က တားတာကို မရပ်ပေးလို့ ပစ်ခတ်ခံရပြီး ကားပေါ်ပါသူ ၄ ဦးအနက် ၂ ဦး သေဆုံးကာ သူမှာတော့ ကျည် ၃ ချက် ထိမှန်သွားတယ်လို့ ဆိုင်းနော်က ပြောကြောင်း အကိုဖြစ်သူက ဆက်ပြောပါတယ်။

အဲဒီနောက် သေနတ်ပစ်ခံရတဲ့ အလောင်း ၂ လောင်းကို ပစ်ချခဲ့ပြီး လမ်းမှာ ခဏနားချိန် ဆိုင်းနော်က တောထဲ ထွက်ပြေးရာက လွတ်မြောက်သွားတယ်လို့ အကိုဖြစ်သူက ပြောပါတယ်။

"အခုသူရောက်နေတဲ့ နေရာက ရေရှိတဲ့ စပါးခင်းမှာတဲ့။ အဲဒီမှာ သူမှောက်နေတယ်တဲ့။ သူနောက်ဆုံး ပြောခဲ့တဲ့စကားပဲ။ အဲဒီလောက်ပဲ ပြောနိုင်တယ်။ သူပြောတဲ့ စကားအတိုင်း ကျနော်တို့ နေ့တိုင်း လိုက်ရှာနေတာ ခုထိ မတွေ့ရသေးဘူး။"

လက်ရှိ ဖမ်းခံရပြီး ပျောက်ဆုံးနေတဲ့သူတွေက ပန်ဆိုင်းမြို့ခံတွေ မဟုတ်ဘဲ တခြားနေရာက အလုပ်လာလုပ်သူတွေ ဖြစ်တယ်လို့ ပန်ဆိုင်းမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြော ပါတယ်။

"လူပျောက်တာ မှန်တယ်။ ၃ ရက်လောက်ရှိပြီ။ အခုထိ ဘယ်သူတွေ ‌ခေါ်သွားတယ်ဆိုတာ အတိကျ မသိသေးဘူး။ ခေါ်သွားတဲ့သူတွေက အရပ်ဝတ်နဲ့လို့ သိရတယ်။" 

‌ရဲစခန်းကို တိုင်ထားပေမဲ့ ဘာမှ လုပ်မပေးလို့ တတ်နိုင်သလောက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှာဖွေနေသလို ပန်ဆိုင်းနဲ့ ၁၀၅ မိုင်ကြားက အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး ရှာဖွေပေမဲ့ သေဆုံးသူ ၂ ယောက်ရဲ့ အလောင်းကို မတွေ့သေးတဲ့အပြင် ဆိုင်းနော်ကိုလည်း ၄ ရက်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။

ဆိုင်းနော်အနေနဲ့ သူရှိတဲ့နေရာကို  အတိအကျ မပြောနိုင်တဲ့အတွက် ရှာမတွေ့သေးလို့  အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့  မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ပြောပါတယ်။

မူဆယ်ခရိုင်မှာ အခုနှစ်အတွင်း ကွတ်ခိုင်နဲ့နမ်းခမ်းဘက်မှာ မူလတန်းကလေးငယ်တချို့ ပြန်ပေးဆွဲ ခံ ရပြီးငွေပေး ပြန်ရွေးယူရတဲ့ဖြစ်စဉ် တချို့ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြန်ပေးဆွဲမှု နဲ့ လူသတ်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့တွေမှာ ၂၀၂၁ နောက်ပိုင်း အများဆုံး ဖြစ်ပွားလာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013