DVB Logo
Home
မြန်မာသတင်း
ထားဝယ် - ကလိန်အောင်ကားလမ်းတွင် စစ်ကောင်စီက အင်အား ၁၀၀ ခန့် တပ်ဖြန့်ထား
DVB
·
August 13, 2022
ထားဝယ် - ကလိန်အောင်ကားလမ်းတွင် စစ်ကောင်စီက အင်အား ၁၀၀ ခန့် တပ်ဖြန့်ထား
Donate to DVB

တနင်္သာရီတိုင်း  ထားဝယ်ခရိုင်၊ ကလိန်အောင် - ထားဝယ် ကားလမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၂ ရက် မနက်ပိုင်းကတည်းက တပ်ဖြန့် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလိန်အောင် - ထားဝယ်ကားလမ်းပိုင်းက ကျေးဇူးတော်ရွာ၊ ကရင်ရှင်ထဘီရွာ၊ နှမ်းကျဲရွာ၊ မိုင် ၃၀ ရွာနဲ့ ရေပုံးရွာတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာမျိုး ရှိသလို ကင်းပုန်းဝပ်နေတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတဦးက “ သူတို့ နေရာ ယူထားတော့ စစ်ကြောင်းပုံစံနဲ့ ဝင်လာမှာပဲ စိုးရိမ်တယ်။ မနှစ်ကလည်း ဒီအချိန်ပဲ စစ်ကြောင်းဝင်လာတာ။ ဒီလမ်းပိုင်းက ရွာတွေအကုန် ရှောင်ပြေးရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာလည်း အဲဒီလမ်းပိုင်းမှာရှိတဲ့ ကေအန်ယူတပ်မဟာ၄ ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျေးဇူးတော်ရွာနဲ့ ရွာတချို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ပြီး PDF တွေနဲ့ အဆက်သွယ်မလုပ်ဖို့ သတိပေးစာတွေ ဖြန့်ဝေခဲ့ပါတယ်။

အခု စစ်ကောင်စီတပ်တွေ တပ်ဖြန့်ထားတဲ့လမ်းပိုင်းဟာ စစ်ကောင်စီခြေမြန်တပ်ရင်းတွေ တည်ရှိပြီး စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရငဲရွာအနီး မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်မှာ  ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောဘက်မှ ထားဝယ်ဘက်ကို တက်လာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဩဂုတ် ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ရငဲကျေးရွာ တာဝပြင် ရာဘာခြံအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခံခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းကို မြိတ်-ထားဝယ်ကားလမ်း ရာဘာတောအနီးမှာ နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကားတစီးပျက်စီးသွားပြီး တပ်သား အများအပြား သေဆုံးထိခိုက်နိုင်ပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနဲ့ ကျားရိုင်းပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင်လအတွင်းကလည်း ပုလောမှ ထားဝယ်ကို တက်လာတဲ့ စစ်ကောင်စီယဉ်တန်းကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်မှ အယောက် ၅၀ လောက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၃၁ ရက်ကစပြီး စစ်ကြောင်းထိုးနေတဲ့ ထားဝယ်မြစ်တဖက်ကမ်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာမျိုး မရှိသေးတာကြောင့် ရွာသားတချို့ နေရပ် မပြန် ရဲသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013