DVB Logo
Home
Lead Story
ပြည်သူနဲ့ သေခန်းပြတ်တယ်ဆိုတာထက် လွန်သွားတဲ့ စစ်ဘီလူးဓားပြတပ်
DVB
·
August 13, 2022
ပြည်သူနဲ့ သေခန်းပြတ်တယ်ဆိုတာထက် လွန်သွားတဲ့ စစ်ဘီလူးဓားပြတပ်
Donate to DVB

မြန်မာစကားမှာ သေခန်းပြတ်တယ်ဆိုတဲ့ အသုံးအနှုန်း ရှိပါတယ်။ လူတဦးနဲ့တဦး ထောက်ထားစရာ မရှိတော့ဘူး၊ အတူတကွ မရှင်နိုင်တော့ဘူး၊ မျက်နှာချင်း မဆိုင်ချင်တော့ဘူး၊ သေရင်တောင် ဘာအ‌ကြောင်းနဲ့မှ ပတ်သက်စရာ မရှိတော့တဲ့ အခြေအနေမျိုး ရောက်ပြီဆိုရင် သေခန်းပြတ်တယ်လို့ သုံးနှုန်းကြပါတယ်။

ဒီကနေ့ မြန်မာပြည်သူလူထု အများစုနဲ့ လက်နက်အားကိုး အာဏာလုယူခဲ့တဲ့ အကြမ်းဖက် မကောင်းဆိုးဝါး စစ်တပ်ဟာ သေခန်းပြတ်တယ်ဆိုတဲ့အဆင့်ကို‌ ကျော်လွန်သွားခဲ့ပါပြီ။ ဒီအခြေအနေကို ညွှန်ပြနေတဲ့ ပြည်သူလူထုရဲ့ ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ တုံ့ပြန်မှုတွေက သက်သေခံနေပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့မရအောင် အကြမ်းဖက်စစ်တပ်ဟာ သူတို့မပိုင်တဲ့ ပြည်သူလူထုပိုင်တဲ့ နိုင်ငံတော်အာဏာကို လုယူရုံမက မတရားမှုလက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အစပိုင်းမှာ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်တာကစလို့ နောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်တာတွေ လက်ရဲဇက်ရဲ ကျူးလွန်ပြီး ပြည်သူလူထုရဲ့ အသက်ဘဝ ဖြစ်တည်မှုကို ဖျက်ဆီးပြီး မိုက်ဇာတ်ခင်းခဲ့ကြတာမို့ ပြည်သူတွေဟာ မိမိအသက်ဘဝ ရှင်သန်ခွင့်အတွက် ခုခံကာကွယ်ဖို့ ရရာလက်နက် ကိုင်စွဲခဲ့ကြတာ ဖြစ်တယ်။

တိုင်းရင်းသား မိဘပြည်သူတွေရဲ့ အသက်ဘဝ ရှင်သန်ခွင့်ကို လူမဆန်စွာ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ စားနပ်ရိက္ခာတွေ ဖျက်ဆီးမှုတွေ၊ အိုးအိမ်အသိုက်အမြုံတွေ ဖျက်ဆီး မီးရှို့တာတွေကို ရမ်းကားယုတ်မာစွာ ကျူးလွန်နေကြတဲ့ စစ်တိရစ္ဆာန်တပ်ဟာ မြန်မာ့လူ့ဘောင်မှာ မရှိအပ်တော့တဲ့ အဆိပ်အတောက်တွေအဖြစ် ရောက်ရှိသွားခဲ့ပါပြီ။

ဩဂုတ်လ ၄ ရက်နေ့ အင်တာနက်သတင်းတွေထဲ ဒီပဲယင်းမြို့နယ် အင်ပင်-ယဒင်ကျေးရွာနဲ့ ကိုင်းကံကျေးရွာအကြား နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်မှာ အာဏာရှင်သစ္စာခံ လေတပ်က မိစ္ဆာအရူး မင်းအောင်လှိုင်ရဲ့‌လက်ပါး‌စေ ကျွန်စစ်သားတချို့ကို ဝေဟင်ကနေ လာချထားခဲ့ပြီး မြေပြင်ရောက်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အပြင် ထပ်မံပြီး လေယာဉ်နဲ့ လာပစ်ခတ်ခဲ့တဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်။

မနေ့က DVB TV သတင်း‌တွေထဲမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာ ဈေးကြီးတခုလုံးကို အကြမ်းစစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေနဲ့ PDF တွေ ရိက္ခာလမ်းကြောင်း ပြတ်တောက်သွားအောင် ပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြားသတင်းကို နား‌ထောင်လိုက်ရပါတယ်။

စစ်ဘီလူးတွေဟာ စစ်ဘေးသင့် လက်နက်မဲ့ အရပ်သားပြည်သူတွေ စားနပ်ရိက္ခာရှားပါးပြီး အကြွင်းမဲ့ ပျက်သုဉ်းအောင် မိုက်ရိုင်းယုတ်မာစွာ ရည်ရွယ်ချက်ရှိရှိ ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ မြေလှန်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုတရပ်လုံးရဲ့ အော့နှလုံးနာ ရွံမုန်းမှုကိုခံရပြီး မွေးဇာတိ အရပ်ထဲရွာထဲ လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်လို့ ဘယ်‌သောအခါမှ မရနိုင်‌တော့တဲ့ မကောင်းဆိုးဝါးစစ်တပ်ဟာ အရပ် ၁၀ မျက်နှာ ရန်သူအဝိုင်းခံ‌နေရပြီ ဖြစ်ပါတယ်။ အရှေ့ အနောက် တောင် မြောက် အရပ် ၈ မျက်နှာမှာ မတရားမှုကို လက်မခံတာမို့ အခြေအနေပေးတာနဲ့ ဆန့်ကျင်ကြမယ့် ပြည်သူတွေဝိုင်းတာ ခံနေရတဲ့အပြင် ဦးခေါင်းအထက်အရပ်မှာ ဗုံးသီးချိတ်ထားတဲ့ဒရုန်းနဲ့ ခြေဖဝါးအောက်မြေထုမှာ ရှေ့ထွက် ပဒေသာမိုင်းတွေရဲ့ အန္တရာယ်က ဝိုင်းပတ်ထားပါပြီ။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့တုန်းက ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာ အ.ထ.ကကျောင်းမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သား တယောက်ကို ၇ တန်းကျောင်းသားတယောက်က ဓားနဲ့ထိုးလိုက်တာကြောင့် ဝမ်းဗိုက် ဒဏ်ရာရသွားတယ် ဆိုတဲ့သတင်းကို ဒီဗွီဘီ တီဗွီသတင်းစာမျက်နှာမှာ ဖတ်ခဲ့ရပါတယ်။

ဖက်ဆစ်တပ်မှ မဟုတ်တော့ဘဲ အာဏာလုတာကို ထောက်ခံသူတိုင်း၊ စစ်ကျွန်အဖြစ် အလုပ်အကျွေး ပြုနေသူတိုင်းရဲ့ ဘဝဟာ အရပ် ၁၀ မျက်နှာမှာ အန္တရာယ်ဝိုင်းလာပြီး ဒုက္ခအကြီးအကျယ် ကြုံကြရတော့မှာ ဖြစ်ပါတယ်။ ရှိရှိသမျှ ပိုင်ဆိုင်သမျှ အသက်ဘဝ အိုးအိမ်စည်းစိမ်ဥစ္စာ အားလုံးဆုံးရှုံးသွားကြရတဲ့ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်က ပြည်သူလူထုဟာ ဘယ်သူမှ တားလို့မရနိုင်လောက်တော့ဘဲ စစ်မိစ္ဆာအသိုင်းအဝိုင်းကို ကုန်းရေလေမချန် မြေပါလှန်ကြတော့မှာ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ နာကြည်းမယ်ဆိုလည်း နာကြည်းထိုက်လောက်အောင် စစ်အာဏာရှင်စနစ်နဲ့ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းဟာ ဆိုးဝါးယုတ်ညံ့စွာ နိုင်ငံနဲ့ ပြည်သူအပေါ် ကမ္ဘာ့စံချိန်တင်လောက်အောင် ကိုယ့်နိုင်ငံသားအချင်းချင်း တိုင်းတပါးသားတောင် မပြုရဲတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ မဟာရာဇဝတ်မှုတွေကို သူတို့အကျိုးစီးပွား အတ္တလောဘအတွက် နှစ်ပေါင်း ၆၀ ကျော် မရပ်မနား ကျုးလွန်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

စစ်ဖိနပ်အောက်က ပြည်သူတွေရဲ့ဘဝဟာ လူ့ဂုဏ်သိက္ခာကို အမြင့်ဆုံး အစော်ကားခံကြရသလို လူ့အသက်လုံခြုံမှု ကင်းမဲ့ပြီး လူ့တန်ဖိုးဟာ သုညမှတ်ထိ ရောက်ခဲ့ရအောင် မိုက်ရိုင်း ဆိုးသွမ်းခဲ့ကြပါတယ်။ သွက်သွက်ခါအောင် မှားယွင်းတဲ့ စစ်အခွင့်ထူးခံ အုပ်ချုပ်ရေးစနစ်ဆိုးအောက်မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ဟာ တန်ဖိုးမဲ့ခဲ့ရပါတယ်။

ပြည်သူတွေရဲ့ဘဝဟာ မတော်တဆ လုပ်ငန်းခွင်ထဲမှာ အသက်ဆုံးရှုံးခဲ့ရရင်တောင် အသက်အာမခံမရှိ၊ နစ်နာကြေး လျော်ကြေး ဘာမှမရနိုင်ဘဲ တန်ဖိုးမဲ့စွာ အသက်ဆုံးပါးရပြီး ကျန်ရစ်သူ မိသားစုတွေဟာ ခိုကိုးရာမဲ့ ဒုက္ခရောက်ကြရပါတယ်။ စင်ကာပူနိုင်ငံလို တပါတီ ကြီးစိုးတဲ့ ဒီမိုကရေစီတပိုင်း နိုင်ငံမျိုးမှာ နိုင်ငံခြားသား အလုပ်သမားတဦးဟာ မတော်တဆ ထိခိုက်သေဆုံးခဲ့ရင် အနည်းဆုံး စင်ကာပူဒေါ်လာ ၈၈,၀၀၀ ကနေ အများဆုံး စင်ကာပူဒေါ်လာ ၂၀၄,၀၀၀ အထိ ကျန်ရစ်သူမိသားစုက ရရှိခံစားရမှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် လူတယောက်အသက်ဟာ စင်ကာပူနိုင်ငံမှာ မြန်မာငွေ ကျပ်သိန်း ၃,၄၀၀ ကျော်တန်ပြီး မြန်မာနိုင်ငံမှာ လူတယောက်အသက်ဟာ သုည တန်ဖိုးမဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မတော်တဆ ထိခိုက်မှုကြောင့် အသက်မသေဆုံးဘဲ ဒုက္ခိတ ဖြစ်သွားရင်လည်း ဘာလျော်ကြေးမှ မရနိုင်ဘဲ တသက်လုံး ဆင်းရဲဒုက္ခကြီးစွာ ရှင်သန်ကြရမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာပြည်သူလူထုဟာ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ဘဝတွေကို အဆုံးစွန်ထိ ဖြိုချဖျက်ဆီးခဲ့၊ ဖျက်ဆီးနေဆဲ စစ်ဘီလူး ဓားပြတပ်ကို သေခန်းပြတ်တယ် ဆိုတာထက် လွန်သွားခဲ့ပါပြီ။ နိုင်ငံနဲ့ မိမိတို့ရဲ့ အသက်ဘဝ ရှင်သန်မှုအတွက် စစ်အာဏာရှင်စနစ်ဆိုး အပြီးချုပ်ငြိမ်းပြီး မကောင်းဆိုးဝါး အခွင့်ထူးခံ လူတန်းစား ပျောက်ကွယ်သွားဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှု သင်ခန်းစာတွေ ရင်မှာပိုက်လို့ နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်တယ်၊ နွေဦးတော်လှန်ရေးမှာ ပြည်သူပြည်သားတိုင်း ပါဝင်ဖို့လိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီးပြီမို့ ယတိပြတ် စိတ်တုံးတုံးချကာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ညီညွတ်တဲ့ ပြည်သူလူထုအားဟာ အင်အားကြီးမားစွာ အမြစ်တွယ်နေတဲ့ ဘယ်လိုစနစ်ဆိုးကိုမဆို တွန်းလှဲချေမှုန်းနိုင်တယ် ဆိုတာကို လူ့ဘောင်သမိုင်း အဆက်ဆက်မှာ လူလူချင်း အနိုင်ကျင့်ဗိုလ်ကျတဲ့စနစ်တွေ ချုပ်ငြိမ်းပျောက်ကွယ်ခဲ့ရတဲ့ သမိုင်းတွေက သက်သေခံနေပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013