DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ထန်တလန်မြေဧက ၆,၈၀၀ ကျော်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
DVB
·
August 11, 2022
စစ်ကောင်စီက ထန်တလန်မြေဧက ၆,၈၀၀ ကျော်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
Donate to DVB

ချင်းပြည်နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ လူသတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီက ထန်တလန်မြေဧက ၆,၈၀၀ ကျော်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြောင်း ကြေညာပါတယ်။

ဟားခါးခရိုင် ထန်တလန်မြို့နယ်အတွင်းက ဧရိယာ ဧက ၆,၈၀၄ ဒသမ ၅၀ ကို ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းကာကွယ်ဖို့အတွက် ကျီရီးယန်းတောင် အမျိုးသားဥယျာဉ်အဖြစ် ဩဂုတ် ၈ ရက်ကစပြီး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီဩဇာခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကျီရီးယန်းတောင်ဟာ ချင်းပြည်နယ်မှာ ထင်ရှားတဲ့ ကျောက်တောင်ကြီးတခုဖြစ်ပြီး ထန်တလန်မြို့ကနေ ၄၃ မိုင်လောက်အကွာမှာ တည်ရှိကာ ဟားခါး - ထန်တလန် - ဆာဆီချောက် ကားလမ်းမကြီးနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ဝင်ထွက်သွားလာ အပန်းဖြေနိုင်တဲ့နေရာဖြစ်တာ၊ သစ်ပင်မျိုးစုံနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝတာ၊ ဘူမိရုပ်သွင် ထူးခြားတဲ့ဒေသ ဖြစ်တာတွေကြောင့် ကာကွယ်ထိန်းသိမ်းဖို့ ရည်ရွယ်ကာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ် ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေက စစ်အာဏာရှင်စနစ်ကို မုန်းတီးလက်မခံကြောင်း၊ တန်းတူ ဖက်ဒရယ်​ ဒီမိုကရေစီပြည်ထောင်စု လိုချင်ကြောင်း ငြိမ်းချမ်းစွာ လမ်းမပေါ် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား လူမဆန်စွာ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့လို့ ဒီလုပ်ရပ်တွေကနေ ကာကွယ်နိုင်ဖို့အတွက် မြို့နယ်/ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် ဧပြီ ၂၄ ရက်က စတင်ကာ လတ်တလောအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူမဆန်စွာ ပစ်ခတ်နှိမ်နင်းတာ၊ လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးသုံး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကြောင့် တိုင်းနဲ့ ပြည်နယ်အနှံ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၂ သန်းကျော်ထိ ရှိလာခဲ့ကာ ချင်းပြည်နယ်မှာလည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုတွေ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013