DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့်၊ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူးများ မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
August 9, 2022
မောင်တောတွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့်၊ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူးများ မိသားစုနှင့် အဆက်အသွယ်မရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်​တောင်ပိုင်းကျေးရွာတွေမှာ သြဂုတ် ၇ ရက် ည ၁၁ နာရီကျော်က စစ်ကောင်စီဘက်က စစ်အင်အားတိုးချလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းချောင်းကျေးရွာမျက်မြင်ဒေသခံတစ်ဦးက "ကင်းချောင်း ကျေးရွာနားမှာ စစ်ကား သုံးစီးနဲ့ စစ်အား ၁၀၀ လောက်​ ချလာတယ်။ သူတို့က ရွာရဲတောင်နဲ့ မြောက်ကို ဖြန့်ကြက်ပြီး ထွက်သွား ကြတယ်။"လို့ ပြောပါတယ်။

သြဂုတ် ၇ ရက်မှာ စစ်ကောင်စီတပ်က အငူမော်ဆိပ်ကမ်းမှ ကမ်းထိုးရေယာဥ်နဲ့ စစ်ကား ၁၉ စီး အင်အားဖြည့်တင်းလာပြီး ညအချိန်မှာ မောင်တောတောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ ကင်းချောင်း၊ ရွှေဗဟို၊ သရိကုန်ဘောင်၊ ကိုင်းကြီး၊ မောရဝတီ၊ ဥဒေါင်းစတဲ့ ရွာတွေကို  စစ်အင်အား တိုးချလာတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်အင်အား အလုံးအရင်းနဲ့ တိုးချလာတာကြောင့် မောင်တောမြောက်ပိုင်းလို တိုက်ပွဲတွေ ဖြစ်လာမှာကို  ဒေသခံတွေက စိုးရိမ်နေကြတာပါ။

မောရဝတီဒေသခံတစ်ဦးက "မောရဝတီ စစ်ဗျူဟာမှာ ပိုပြီး အင်အားဖြည့်တာ တွေ့ရတယ်။ စစ်ဗျူဟာကလည်း ဒရုန်းတွေကို ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတာပေါ့"လို့ ဆိုပါတယ်။

အခုနှစ် မေ ၁၇ ရက်ကစလို့ စစ်ကောင်စီတပ်က စစ်ကား ၁၇ စီးနဲ့ အငူမော်ကတဆင့် ဘူးသီးတောင်မြို့ကို လူအင်အား၊ လက်နက်၊ ရိက္ခာနဲ့ လောင်စာတွေ ဖြည့်တင်းခဲ့သလို ဇူလိုင် ၂၈ ရက်မှာလည်း စစ်ကား ၈ စီး၊ ဇူလိုင် ၂၉ ရက်မှာလည်း  စစ်ကား ၁၈ စီးအထိ အင်အားဖြည့်တင်းထားကြောင်း မောင်တောဒေသခံတွေထံက သိရပါတယ်။

အခု သြဂုတ် ၇ ရက်မှာလည်း မောင်တောတောင်ပိုင်းကို စစ်ကား ၁၉ စီးနဲ့  အင်အားဖြည့်တင်း လာတာဖြစ်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့  အရပ်သား ၂ ယောက် စုစုပေါင်း ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားရာမှာ သြဂုတ် ၈ ရက်အထိတွေ့ခွင့်မရလို့ စိုးရိမ်နေတဲ့ အကြောင်း မိသားစုထံက သိရပါတယ်။

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း(ခ)ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့  အရပ်သား ဦးထွန်ရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ကို  ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၀၇ /၃၂၆ /၁၁၄ တို့နဲ့ မောင်တောမြို့နယ် တရားရုံးမှာ အမူဖွင့်လှစ်ကာ ချုပ်ရမန် ၂ ကြိမ်ရယူထားတယ်လို့ မောင်တောမြို့နယ်တရားရုံးကနေ သိရပါတယ်။

ကြိမ်ချောင်းကျေးရွာက အဖမ်းခံထားရတဲ့ အုပ်ချုပ်ရေးမှူး ဦးဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူက "မိသားစုတွေနဲ့ ဒီနေ့အထိတွေ့ခွင့်မရသေးဘူး။ သူတို့ကတော့ ဖုန်းဆက်ရင် ကျန်းမာစွာရှိတယ်လို့ပဲ ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့အထိဖုန်းပြောခွင့်မရပါဘူး။"လို့  ပြောပါတယ်။

ဖမ်းဆီးခံရသူ ၅ ယောက်ဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီနဲ့ အေအေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သာယာကုန်းကျေးရွာတာဝန်ခံမိသားစုဝင်တစ်ဦးက "တိုက်ပွဲဖြစ်တာနဲ့ ကျနော်တို့ရွာက မိုင် ၁၀ မိုင်လောက်ဝေးတာ။ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်မှုဘာမှ မရှိဘဲ အခုလို မတရားဖမ်းဆီးထားတာကတော့ တရားလွန်တယ်။ ဖမ်းချင်ရင် အေအေ စခန်းတွေကို တိုက်ခိုက်ပြီး ဖမ်းဆီးရမှာ။"လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရသူ ၅ ဦးကို ကြိမ်ချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၇)တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013