
ဒီနေ့ဒီရက်မှာ လွန်ခဲ့တဲ့ ၃၄ နှစ်တုန်းက မြန်မာနိုင်ငံမှာ မမှန်ကန်တဲ့နိုင်ငံအုပ်ချုပ်ပုံစနစ်ဆိုးကို ပြောင်းလဲပစ်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထုတစ်ရပ်လုံးက တစ်ပါတီမျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို မြေလှန်ပစ်ဖို့ လူထုအရေးတော်ပုံကြီးတစ်ရပ်ကို တစ်ကမ္ဘာလုံးက အံအားသင့်လောက်အောင် အင်တိုက်အားတိုက် ဆင်နွှဲခဲ့ကြပါတယ်။
တနည်းအားဖြင့်ပြောရရင် ဒီကနေ့ဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းထိုးကမ္ပည်းတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တဲ့နေ့ပါပဲ။ အင်္ဂလိပ်ရက်စွဲနဲ့ အတိအကျပြောရရင် ၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက် တနင်္လာနေ့မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ၈.၈.၈၈ လူထုအရေးတော်ပုံကြီးလို့ လူ့သမိုင်းမှာ ထင်ရှားခဲ့ ကမ္ပည်းထိုးရစ်ခဲ့တာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးအခင်းကြီးစဖြစ်တဲ့ လွန်ခဲ့တဲ့ ၃၄ နှစ်တာကာလကနေ စစ်အာဏာရှင်အသိုက်အဝန်းတွေဟာ တကယ့်သမိုင်းမှန်ကို ပုံဖျက်ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာဟာ ဒီနေ့ချိန်ထိအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ ကွန်မြူနစ်တွေ သွေးထိုးလှုံ့ဆော်တာတို့၊ နိုင်ငံခြားမီဒီယာတွေ သွေးထိုးပေးတာကို နားယောင်တာတို့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့တာတို့ စတဲ့လုပ်ကြံထိုးနှက်ချက်တွေနဲ့ မတရားမှုကို ဆန့်ကျင်ကြောင်းပြသဖို့ လူထုတရပ်လုံးရဲ့ ဒီမိုကရေစီရေးတောင်းဆိုမှုတိုက်ပွဲကို သိက္ခာမဲ့အောင် အနှစ်သာရမရှိသယောင် စစ်အာဏာရှင်တွေရဲ့ အမှားတွေ၊ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းက တိုင်းပြည်ကို ဖျက်ဆီးခဲ့တာတွေ၊ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ် ထိမ်ချန်ပြီး နိုင်ငံတော်အဆင့်ဗြောင်လိမ်လည်မှုကို သိက္ခာမဲ့စွာ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။
ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်လိုတဲ့စိတ်ဓာတ်၊ အဓမ္မကို လက်မခံတဲ့စိတ်ဓာတ်၊ မတရားမှုကို ဆန့်ကျင်ရဲတဲ့စိတ်ဓာတ်၊ ဖိနှိပ်မှုကို ခေါင်းငုံ့မခံတဲ့စိတ်ဓာတ်၊ လူလူချင်း ဗိုလ်ကျအနိုင်ကျင့်မှုကို လက်မခံတဲ့စိတ်ဓာတ်၊ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ရယူရဲတဲ့ စိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို တန်ဖိုးထားတဲ့စိတ်ဓာတ်၊ ငြိမ်းချမ်းတဲ့လူ့ဘောင်ကို တည်ထောင်လိုတဲ့စိတ်ဓာတ်တွေပဲ ဖြစ်ပါတယ်။
အဲ့ဒီရှစ်လေးလုံးစိတ်ဓာတ် တော်လှန်သန္ဓေဝိညာဉ်တွေဟာ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးကြီးမှာ ဂျန်နရေးရှင်း X Y Z လူငယ်မျိုးဆက်တွေထံမှာ ရှင်ပြန်ထုံလူး သွေးကူးမျိုးပွားသွားတာဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ သမိုင်းလက်ဆင့်ကမ်းလိုက်တာပဲလို့ပြောရင် မမှားနိုင်ဘူး မဟုတ်ပါလား။
ဒါပေမဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးဟာ ရည်မှန်းချက်ပန်းတိုင်တော့ ဆုံးခန်းတိုင်အောင် မရောက်သေးပါဘူး။ စစ်အာဏာရှင်အနွယ်တော် အမြစ်ကြွင်းအကျန်တွေဟာ ဒီမိုကရေစီအရေခြုံပြီး စစ်အာဏာရှင်စနစ်ကို အသွင်သစ်နဲ့အသက်ဆက်ဖို့ ကြိုးစားအားထုတ်နေတုန်းပါ။ ဒါကြောင့် သမိုင်းလက်ဆင့်ကမ်းအောင်ပွဲအဖြစ် ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ မပြီးသေးတဲ့ သမိုင်းဝင်ပန်းချီကားကို အပြီးသတ်ရေးဆွဲဖို့ မြန်မာ့နွေဦးတော်လှန်ရေးကြီး ပေါ်ထွန်းလာခဲ့ရတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က စရေတွက်ရင် ၂၀၂၂ ခုနှစ်အထိ အညတရ အာဇာနည် အထောင်အသောင်းသော ပြည်သူတွေရဲ့ အသက်သွေးတွေရင်းလို့ နှစ်ပေါင်း ၃၄ နှစ် ခရီးတိုင်ခဲ့ပြီဖြစ်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ဖူးဝေလာတဲ့ အသီးအပွင့်တွေကို စေ့ငုသုံးသပ်ကြည့်ရင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၅ နှစ်တာ ကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအုပ်ချုပ်ခွင့်ရစဉ်အတွင်း အောက်ပါအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။
(၁) ပြည်သူလူထုအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ နိုင်ငံရေးကိစ္စရပ်တွေကို ပါဝင်ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။
(၂) ပြည်သူတွေရဲ့အသဲကြားက မဲပြားတွေနဲ့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းခဲ့ပါတယ်။
(၃) ပြည်သူလူထုဟာ အုပ်ချုပ်တဲ့ အာဏာပိုင်နဲ့အစိုးရကို လွတ်လပ်စွာဝေဖန်ခွင့်ရခဲ့ပါတယ်။
(၄) သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အတိုင်းအတာတခုအထိ ရခဲ့ပါတယ်။
(၅) ပြည်သူတွေရဲ့နေ့စဉ် လူမှုဘဝတွေဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုလုပ်ငန်းတွေကို အတိုင်းအတာတခုအထိဆောင်ရွက်နိုင်ခဲ့ပါတယ်။
(၆) လူထုအကျိုးကို ဖေါ်ဆောင်ပေးနိုင်မယ့် ဥပဒေ၊ နည်းဥပဒေတချို့ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။
၇) ငြိမ်းချမ်းရေးရောင်ခြည်ဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံကို ခေါ်ယူပြီး နိုင်ငံရေးအင်အားစုတွေအားလုံး တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။
အဲ့ဒီလို လူထုအာဏာကို လူထုလက်ထဲပြန်ရောက်တော့မှာသေခြာလာတာမို့ မစားရတဲ့အမဲကို သဲနဲ့ပက်ဖို့ စစ်အာဏာရှင်အသိုက်အဝန်း နောက်ထပ် ၅ နှစ်မှာ ပြည်သူ့အစိုးရလက်ထဲ အာဏာမထားရဲတော့တာမို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒမဲတွေနဲ့ ရွေးချယ်အနိုင်ပေးလိုက်တဲ့ ပြည်သူအစိုးရထံကနေ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ မဲလိမ်တယ်လို့ မရှက်မကြောက် စွပ်စွဲ အကြောင်းပြပြီး လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့တာပဲ ဖြစ်ပါတယ်။
ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၃၄ ပြည့်ခဲ့ပေမဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အိမ်မက်တွေဟာ မပြည့်ဝသေးတာမို့ အရေးတော်ပုံခရီးဟာ မပြီးဆုံးသေးပါဘူး။ အာဏာလက်လွှတ်ခဲ့ရတဲ့ အရင်စစ်အာဏာရှင်အသိုင်းအဝိုင်းတွေထဲက အကျင့်ဟောင်းမပြင်နိုင်တဲ့ လူတစုဟာ မြန်မာပြည်သူအများစုရဲ့ ဒီမိုကရေစီပန်းတိုင်ကို မှန်မှန်ကန်ကန်မရောက်စေဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့က စစ်အာဏာရှင်အခွင့်ထူးခံတွေဟာ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့ကြပါတယ်။
အခုဆိုရင် စစ်အကြမ်းဖက်ကောင်စီ အာဏာလုယူခဲ့တဲ့ ၁ နှစ်နဲ့ ၆ လအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူလူထုစုစုပေါင်းမှာ ၂၁၅၈ ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၉၂၅ ဦး၊ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၇၇ ဦးရှိပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ အခုဆို ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် သန်း ၅၀ သော နိုင်ငံသူနိုင်ငံသားတွေဟာ တခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူး။ သက်တမ်းကုန်ပြီး နိဂုံးသပ်ဖို့ နောက်ဆုံးအဆင့်ရောက်နေတဲ့ စစ်မကောင်းဆိုးဝါးတပ်ဟာ ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး အရက်စက်ဆုံးနည်းလမ်းတွေသုံးပြီး ကျားနာခဲ ခဲလို့ အသင်ငင်နေချိန်မှာ တိုင်းရင်းသားပြည်သူလူထုအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျားဆိုးကျားနာ စစ်မိစ္ဆာအာဏာရှင်စနစ်ကို အပြီးသတ်ရှင်းလင်းသုတ်သင်ကြတော့မှာ ဖြစ်ပါတယ်။
ရှစ်လေးလုံးလူထု ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ၂၀၂၁ နွေဦးအရေးတော်ပုံကြီး နှစ်ခုစလုံးမှာ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်ခြင်းများစွာနဲ့ ရဲဝံ့ ပြောင်မြောက်စွာပါ၀င်လှုပ်ရှားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသူကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသား၊ ပြည်သူအပေါင်း အားလည်းကောင်း၊ မိဘပြည်သူ့ဘက်သို့ ကူးပြောင်းပါ၀င်လာခဲ့သော ကြည်း၊ ရေ၊ လေ စစ်သည်တော်များအားလည်းကောင်း၊ ကျဆုံးခဲ့ပြီးသော အာဇာနည်အပေါင်းတို့အားလည်းကောင်း အမှတ်ရလေးမြတ်စွာ ဦးညွှတ်ရင်း ဒီဆောင်းပါးဖြင့်မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။
မင်းကောင်းချစ်