
မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ ညီညွတ်၊ တန်းတူ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးဟာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပဲဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)က ၃၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကေရစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုလာမယ့် ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်နေ့ဆိုရင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက် ခန္ဓာ ဘဝတွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား တန်ဖိုးထားစွာ ဦးညွှတ် အလေးပြုတယ်လို့ ဆိုပါတယ်။
အရေးတော်ပုံကြီးဟာ မဆလ အရေခြုံ တပါတီအာဏာရှင်အစိုးရကို အပြီးအပိုင် တိုက်ဖျက်ပစ်နိုင်ခဲ့ကြပေမဲ့ နောက်ကွယ်ရှိ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ စစ်အုပ်စုက အရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ် အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို သဏ္ဍာန်အမျိုးမျိုးနဲ့ ကျင့်သုံးလာခဲ့ကြတယ်လို့ လူ့ဘောင်သစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ လူမျိုးပေါင်းစုံ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ဓလေ့ဆိုးအတိုင်း အကြမ်းဖက် သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ညှဉ်းပန်းတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းတိုက်ခိုက်လို့ နွေဦးတော်လှန်ရေးကြီးက ပြည်သူ့ခုခံစစ်သဏ္ဌာန် ဆင်နွှဲ ပေါ်ပေါက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပါတီအနေနဲ့ နွေဦးတော်လှန်ရေးကြီးရဲ့ နိုင်ငံရေးတာဝန်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုနဲ့အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာ တာဝန်ကနေ အစွမ်းကုန် ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။