DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက် စစ်ကောင်စီ လက်မခံပယ်ချ
DVB
·
August 6, 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်  စစ်ကောင်စီ လက်မခံပယ်ချ
Donate to DVB

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့  ကြေညာချက်ပါ မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်တဲ့  စာပိုဒ်အပေါ် လက်မခံပယ်ချကြောင်း အာဆီယံ အစည်းအဝေး တက်ခွင့်မရတဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးက ထုတ်ပြန် ကြေညာပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ကြေညာချက်မှာ မြန်မာနဲ့ ပတ်သက်လို့ စာတပုဒ်သီးခြားဖော်ပြထားတာမှာ မြန်မာစစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အချိန်နဲ့တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမရှိတဲ့အပေါ်မှာ အလွန်အမင်းစိတ်ပျက်မိကြောင်း၊ ဒီမိုကရေစီရေးလှုပ်ရှားသူအတိုက်အခံ ၄ ဦးကို ကွက်မျက်ခဲ့တာ အပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ရှည်ကြာနေတဲ့ အပေါ် စိုးရိမ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက လက်မခံပယ်ချကြောင်း    ဩဂုတ် ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စကို ပြင်ပမှ မစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံတွေအကြား နိုင့်ထက်စီးနင်းမှုမရှိရေးရေး “မူ”တွေကို အာဆီယံအနေနဲ့ လေးစားသင့်ပြီး  မြန်မာနိုင်ငံဟာ မိမိရဲ့ ပြည်တွင်းရေးကိစ္စကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေမှုကို လေးစားဖို့ လိုတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိကြောင်း ဖော်ပြချက်ဟာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုတွေပို မျက်ကွယ်ပြုပြီး လျစ်လျူရှုရာ ရောက်လို့ ကန့်ကွက်တယ်လို့ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြင်ပနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီဖို့  အမှန်တကယ် ဆန္ဒရှိတယ်ဆိုပါက  NUG နဲ့ PDF အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ပြောဆိုမှုတွေ အားပေးတဲ့လုပ်ရပ်တွေကို ရှောင်ရှားသွားရမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ယောက်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တဲ့ကိစ္စ အာဆီယံဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေထံ သက်သေအထောက်အထားတွေနဲ့တကွ ရှင်းလင်းတဲ့စာတွေ မြန်မာနိုင်ငံက ပေးပို့ထားခဲ့ပေမဲ့ “နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ” အဖြစ် ပူးတွဲထုတ်ပြန်ချက်တွင် သုံးနှုန်းဖော်ပြခြင်းသည် လျော်ကန်မှုမရှိပါကန့်ကွက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့မှာ ဇူလိုင် ၃၁ ရက်မှ ဩဂုတ်  ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုတော့ အစည်းအဝေးတက်ခွင့် မပြုခဲ့ပါဘူး။

Photo- MFAIC 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013