DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့နယ်တွင် BGF တပ်က အရပ်သားပြည်သူ ၁ ဦးကို သတ်ဖြတ်
DVB
·
August 5, 2022
ဖာပွန်မြို့နယ်တွင် BGF တပ်က အရပ်သားပြည်သူ ၁ ဦးကို သတ်ဖြတ်
Donate to DVB

ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ကုလားကုန်းရွာ ဒေသခံပြည်သူတဦးကို စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေက ဩဂုတ် ၁ ရက် ည ၉ နာရီလောက် သတ်ဖြတ်ပြီး ယွန်းစလင်းမြစ်အတွင်း စွန့်ပစ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကတိုင်တိကျေးရွာအခြေစိုက်၊ အမှတ် ၁၀၁၃ နယ်ခြားစောင့် (BGF) တပ်ရင်းက ဗိုလ်လှကြိုင်ဦးစီးတဲ့အဖွဲ့က ကုလားကုန်းရွာသား အိတမန် (၃၅ နှစ်) ကို ဖမ်းဆီးကာ အကြောင်းမဲ့သတ်ဖြတ်ပြီးနောက် မူးယစ်သောက်စားရမ်းကားတဲ့အတွက် သတ်ဖြတ်ခဲ့တာဆိုပြီး BGF တပ်ဘက်က တဖက်သတ်စွပ်စွဲ အပြစ်ပုံချပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါသတ်ဖြတ်ခံခဲ့ရတဲ့ အိတမန်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ ရုပ်အလောင်းကို ပွယ်လိုကလိုး (ယွန်းစလင်းမြစ်)အတွင်း စွန့်ပစ်ခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က မထောအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စကခ ၈၊ ခမရ ၄၀၇ ပူးပေါင်းတပ်တွေက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းက သာမစူလော်ကျေးရွာအတွင်းကို အမြောက်လက်နက်ကြီး ၉ လုံး တမင်ရည်ရွယ်ပစ်ခတ်ခဲ့သလို ဃော်ကလါးကျေးရွာအတွင်းကိုပါ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၇ နဲ့ အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ကာ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်း တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်မှာ စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၈၈ ဦးရှိပြီး၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ၈ ကောင် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အများအပြားအသုံးပြုခဲ့သလို အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာကျေးရွာတွေအတွင်းကို အကြောင်းမဲ့ရည်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF-နယ်ခြားစောင့်တပ်တွေဟာ ဖာပွန်(မူတြော်)ခရိုင်က မြို့နယ် ၃ မြို့နယ်အတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူတွေရဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေနဲ့ လုပ်ငန်းခွင်အတွင်းကို အမြောက်လက်နက်ကြီးကျည် ၆၇ လုံး ပစ်ချခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013