DVB Logo
Home
မြန်မာသတင်း
ရွှေဘိုပေါ်ဆန်းတအိတ် တလခွဲအတွင်း ကျပ်နှစ်သောင်းအထိ ဈေးတက်
DVB
·
August 4, 2022
ရွှေဘိုပေါ်ဆန်းတအိတ် တလခွဲအတွင်း ကျပ်နှစ်သောင်းအထိ ဈေးတက်
Donate to DVB

ရန်ကုန်မှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၈ သောင်းခွဲနဲ့ ၉ သောင်းကြားလောက်အထိ ဈေးပေါက်နေပြီးတော့ တလခွဲကျော်အတွင်းမှာ ကျပ် ၂ သောင်းလောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်နေသူတွေက ပြောပါတယ်။

ဇွန်နောက်ဆုံးပတ်ကနေ သြဂုတ် ပထမအပတ်အတွင်း ရွှေဘိုပေါ်ဆန်းတအိတ်ကို ပျမ်းမျှ ကျပ် ၂ သောင်းလောက် တက်လာတာဖြစ်ပြီး အဲ့ဒီဈေးတက်လာတာဟာ ဆန်လက်ကျန်နည်းပါးတာနဲ့ အထွက်နှုန်းမရှိလို့ ဈေးတက်နေတာမျိုးမဟုတ်ဘဲ တပတ်အတွင်းမှာပဲ ကျပ် ၅ ထောင်လောက် ဈေးခုန်တက်သွားတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ရောင်းဝယ်နေတဲ့ ဆန်ဈေးနှုန်းတွေက တည်ငြိမ်မှုမရှိဘဲ နေ့စဥ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမှုတွေ ရှိနေပေမဲ့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေနိုင်တဲ့ အနေအထားတော့ ရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်ကြမ်းနေတာကတော့ ရွှေဘိုပေါ်ဆန်းဖြစ်ကာ လက်ရှိပေါက်ဈေးအရဆိုရင် တအိတ်ကို ကျပ် ၉ သောင်းလောက်ရမှ ရောင်းနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆန်ကို လက်လီရောင်းချနေတဲ့ဆိုင်တွေက ဆိုပါတယ်။

ဒီလို ဆန်ဈေးနှုန်းတွေ တက်နေတာကြောင့် ရန်ကုန်မှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) နဲ့ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၇ သောင်းခွဲကနေ ကျပ် ၇ သောင်း ၇ ထောင်နဲ့ နေ့စဥ်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းအပြင် ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် ၉၀ တို့ကိုလည်း ရောင်းချပေးနေပြီး ပြင်ပဆိုင်တွေမှာ နာမည်ကြီးပြီးသားတံဆိပ်တွေနဲ့ အရည်အသွေးတူတဲ့ ဆန်အမျိုးအစားတွေကို ရောင်းချနေတာလို့လည်း သိရပါတယ်။

ဒီလို ဈေးလျှော့ရောင်းချပေးပေမဲ့ ဝါးတန်းကုန်စည်ဒိုင်အနီးမှာ နေထိုင်သူတွေလောက်ပဲ ဝယ်ယူဖို့အဆင်ပြေပေမဲ့ တခြားမြို့နယ်တွေကနေ လာရောက်ဝယ်ယူမယ်ဆိုရင် သယ်ယူပို့ဆောင်စရိတ်တွေ ထပ်ပေါင်းရင် လက်ရှိပေါက်ဈေးဖြစ်နေတဲ့ ဈေးနှုန်းတန်းတူလောက် ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆန်စပါးကုန်စည်ဒိုင်တွေ ရောင်းချနေတဲ့ဆန်တွေဟာ သိုလှောင်ထားပြီးတဲ့ ဆန်တွေကို ပြန်ထုတ်ရောင်းတာဖြစ်ပြီး ပြင်ပပုဂ္ဂလိကဆိုင်တွေမှာ ရောင်းနေတဲ့ ဆန်တွေရဲ့ အရည်အသွေးကို မမီဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013