DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ဆန်စျေးနှုန်းများ ထပ်မံ မြင့်တက်
DVB
·
July 25, 2022
ပြည်တွင်း ဆန်စျေးနှုန်းများ ထပ်မံ မြင့်တက်
Donate to DVB

စျေးအမြင့်ပိုင်းမှာ ရောက်ရှိနေတဲ့ ပြည်တွင်းဆန်စျေးနှုန်းတွေဟာ အခုရက်ပိုင်းအတွင်း စျေးနှုန်းတွေ ထပ်မံမြင့်တက်လာတယ်လို့ ဆန်ကုန်သည်တွေထံက  သိရပါတယ်။ 

အဓိကအားဖြင့် ပြည်တွင်း စားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ချောစျေးနူန်းတွေဟာ ၀ယ်လိုအားနဲ့အပြိုင် စျေးတွေ ထပ်မံမြင့်တက်လာတာပါ။ တောင်သူလက်ထဲ စပါးလက်ကျန် လျော့နည်းနေချိန် ဝယ်လိုအားများလာတာကြောင့် စျေးမြင့်တက်လာတာဖြစ်ပါတယ်။ 

ရန်ကုန်စျေးကွက်မှာ တစ်ပတ်အတွင်း ရွေဘိုပေါ်ဆန်းတစ်အိတ်ကို အရင်ထက် ကျပ် ၇၀၀၀ ကနေ ၁၀၀၀၀ လောက် အထိ မြင့်တက်လာပြီး၊ ကြားပျံရှယ်တစ်အိတ်ကို ကျပ်၂၀၀၀ ကနေ ၅၀၀၀ ကြားထိ မြင့်တက်လာတာတွေ့ရပါတယ်။ အလားတူ တချို့ဆန်စျေးနှုန်းတွေလည်း အသီးသီး မြင့်တက်နေတာပါ။

“အခုမနက်ပဲ ဆန်စျေးတွေက ထပ်တက်လာတာ၊ ရွှေဘိုပေါ်ဆန်းက မနေ့က စျေးထက် အတော် သိသိသာသာ တက်သွားတယ်” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပုံမှန်ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းတွေအရ ရွှေဘိုပေါ်ဆန်း ဆန်က တစ်အိတ်ကို ကျပ်၇၀၀၀၀ ကနေ ၇၆၀၀၀ ကြား ပေါက်စျေးရှိပြီး၊  မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၅၃၀၀၀ ကနေ  ၅၅၀၀၀ ကြား၊ ကြားပျံ၇ှယ်ဆန် တစ်အိတ်ကို  ၅၅၀၀၀ ကနေ ၆၀၀၀၀ ကြားစျေးရှိပါတယ်။ တစ်ပတ်အတွင်း ဆန်တစ်အိတ်ကို ပျမ်းမျှကျပ် ၂၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်စျေးထပ်မံ မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ ဖြစ်ခဲ့တဲ့ စျေးနဲ့ယှဥ်ရင် ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ကျပ်၂၅၀၀၀ ၀န်းကျင်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၅၀၀၀ ၀န်းကျင်နဲ့ ကြားပျံ ၇ှယ်ဆန် တစ်အိတ်ကို  ၂၀၀၀၀ ၀န်းကျင်ထိ တစ်နှစ်အတွင်း စျေးမြင့်တက်ခဲ့ပါတယ်။ ဆန်ချောစျေးနဲ့အတူ ဆန်ကြမ်းစျေးတွေကလည်း တစ်ရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာပါ။ တစ်နှစ်အတွင်း ဧည့်မထ (၂၅) မတ် ဆန်ကြမ်းတစ်အိတ်ကို ကျပ်  ၁၀၀၀၀ ၀န်းကျင် စျေးမြင့်တက်ခဲ့ပြီး၊ ငစိန်ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ကျော် မြင့်တက်ခဲ့ပါတယ်။

သင်္ကြန်ကာလအပြီး တစ်ရိပ်ရိပ်မြင့်တက်လာခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ အခု ဇူလိုင်လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာဖြစ်ပြီးတော့ ဆက်လက်မြင့်တက်နေဦးမယ်လို့လည်း ကုန်သည်တွေက သုံးသပ်ထား ကြပါတယ်။ 

အခုနှစ်မှာစိုက်ပျိုးစရိတ် အရင်းအနှီး အဆမတန် ကြီးမြင့်နေတာကြောင့် စိုက်ဧကနဲ့အတူ အထွက်နှုန်းလည်း လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေမတည်ငြိမ်၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်တာကြောင့် စိုက်ဧကကို လျော့ကျ စေခဲ့ပါတယ်။

အခုလို ပြည်တွင်း စိုက်ဧက လျော့ကျနေချိန် ဒေါ်လာငွေလဲနှုန်းနဲ့အတူ ပြည်ပ၀ယ်လိုအားကလည်း ဆက်လက်အားကောင်း နေတာကြောင့် ဆန်စျေး ဆက်လက်မြင့်တက် နေဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထား ကြတာပါ။

ဒါပေမဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်တာ၊ ငွေကြေးဖောင်းပွပြီး၊ အထွေထွေကုန်စျေးနှုန်းမြင့်တက်နေတာ တွေက လယ်သမားတွေအတွက် အကျိုးအမြတ်များများ ရရနိုင်ခြေ နည်းနေပါတယ်။ နယ်မြေမတည်ငြိမ်၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာတွေက စိုက်ပျိုးတောင်သူတွေဟာ မီးရှုံ့ခံရမှာကို စိုးရိမ်တဲ့အတွက် ရရာ စျေးနဲ့ အမြန်ထိုးရောင်းနေရပါတယ်။ အဲဒီလိုထိုးရောင်းရတဲ့အတွက် တောင်သူတွေဆီမှာ စပါးလက်ကျန်မရှိတာကြောင့် အခုမြင့်တက်နေတဲ့ စပါးဈေးရဲ့အကျိုးအမြတ်တွေကို တောင်သူတွေ ခံစားခွင့်မရကြပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013