Home
မြန်မာသတင်း
ငွေလဲနှင့်ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေး၊ ဒေါ်လာမှောင်ခိုဈေး ကျပ် ၃၀၀၀ ဝန်းကျင်ထိ မြင့်တက်
DVB
·
August 2, 2022

စစ်ကောင်စီဟာ တရားဝင်ငွေလဲလုပ်ငန်း လုပ်ကိုင်သူနဲ့ ရွှေလုပ်ငန်း လုပ်ကိုင်သူတချို့ကို ရန်ကုန် စ သုံးလုံးရုံးမှာ ခေါ်ယူမေးမြန်းစစ်ဆေးနေပြီး ငွေလဲကောင်တာတွေလည်း ပိတ်ထားကြလို့ ဒေါ်လာမှောင်ခိုဈေး ကျပ် ၃၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ နိုင်ငံခြား ငွေလဲနှုန်းက ဩဂုတ် ၁ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ်၂၉၀၀ ကျော်ကနေ ၃၀၀၀ လောက်အထိ ရှိနေပြီး အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ ဖြစ်နေပါတယ်။  ဒေါ်လာနဲ့ အပြိုင် ရွှေစျေးကလည်း တကျပ်သားကို ကျပ် ၂၃ သိန်း အထက်ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ 

မြန်မာငွေဈေး အဆမတန် ကျဆင်းလာတာကြောင့် စစ်ကောင်စီဟာ တရားဝင် ငွေလဲလုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်တချို့က လုပ်ငန်းရှင်တွေကို ခေါ်ယူမေးမြန်းစရာ ရှိလို့ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန် ရက်ပိုင်းမှာ ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ မိသားစုဝင်တဦးက "တရားဝင်ဖွင့်ထားတဲ့သူတွေချည်းပဲ။ သူတို့ မေးစရာရှိလို့ဆိုပြီးခေါ်တယ်၊ မေးစရာရှိလို့ဆိုပြီးတော့ ရွှေသမားတွေလည်း‌ ခေါ်ထားတယ်။ ဘယ်လွှဲတာလဲ မေးနေတယ်ပေါ့နော်၊ စာရွက်စာတမ်းတွေ အကုန်လုံး စစ်နေတယ်ပေါ့နော်၊ ဒါပေမဲ့ ကျမတို့ တရားဝင် လုပ်ထားတဲ့ အကုန်လုံးကို အားလုံးဖြေနိုင်တယ်။ အဆက်အသွယ်လည်းရတယ်၊ အားလုံးအေးအေးဆေးဆေးတော့ ထားတယ်။ ဘာကြောင့် ပြန်မလွှတ်သေးလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အခုချိန်မှာ ဖမ်းဆီးခံရမှုတွေကြောင့် ငွေလဲလုပ်ငန်းတွေ ရပ်တန့်ထားရပြီး ဆိုင်တွေလည်း ပိတ်ထားကြပေမယ့် ဒေါ်လာဈေးကတော့ ကျဆင်းမသွားပဲ ကြိုက်ရောင်းကြိုက်ဝယ် အချင်းချင်း မှောင်ခိုဈေးကွက် အလုပ်ဖြစ်နေကြပါတယ်။ 

နိုင်ငံခြားခရီးစဉ်သွားရမယ့် သူတွေကတော့ လေဆိပ်မှာ စစ်ကောင်စီသတ်မှတ်တဲ့ တဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းနဲ့ တယောက်ကို ဒေါ်လာငွေ ၂၀၀ ပဲ လဲလှယ်ပေးတယ်လို့ ပြောတာကြောင့် မိမိဘာသာ ရတဲ့ဈေးနှုန်းနဲ့ ငွေလဲသွားရတယ်လို့ ပြည်ပခရီးထွက်ခွာသူတွေက ဒီဗွီဘီကို ပြောပြပါတယ်။ 

မြန်မာနိုင်ငံဟာ လက်ရှိအကျပ်အတည်းအတိုင်း ဆက်ရှိနေရင် စီးပွားရေးနာလန်မထူတော့တဲ့ သီရိလင်္ကာနိုင်ငံလို ဖြစ်လာမယ့် အရိပ်အယောင်တွေ ရှိလာတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းထားတယ်ဆိုတာ ပြောဆိုခဲ့ပေမယ့် ငွေကြေးပမာဏ ဘယ်လောက်လဲ ဆိုတာကိုတော့ ပြောဆိုနိုင်ခဲ့တာ မရှိဘဲ ငွေလဲလုပ်ငန်းရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေပဲ ဆက်တိုက် ဖမ်းဆီးခံရမှုတွေ ရှိခဲ့တာပါ။ 

ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်း မြင့်တက်တာဟာ လုပ်ငန်းရှင်တွေနဲ့ မသက်ဆိုင်ဘဲ အခုလို ဖမ်းဆီးခံရတာကြောင့် ကြောက်လန့်ပြီး တရားဝင် ငွေလဲ အရောင်းအဝယ် အကုန်ရပ်လိုက်ရပေမယ့်​ မှောင်ခိုဈေးကွက်တော့ ပိုကြီးလာတယ်လို့လည်း လုပ်ငန်းရှင်တဦးက ထောက်ပြပါတယ်။

“အခုက ဘယ်ဈေးနဲ့ရရ လဲချင်ကြတယ်၊ ဈေးက ဒီလိုလုပ်လို့ကျမယ် မထင်ဘူး။ အရောင်းအဝယ် မဖြစ်ပေမယ့် ရောင်းတဲ့သူ မရှိ ဝယ်တဲ့သူပဲ ရှိကြတယ်။ ခေါ်ထိန်းထားတာ ရွှေသမားတွေလည်း များတယ်၊ စစစ ရုံးရဲ့ အောက်မှာ ရွှေသမားတွေ ထားထားတယ်။ ငွေသမားတွေကို အပေါ်ထပ်မှာ ထားတယ်၊ သီးခြားထားတယ်လို့ ကြားတယ်။ လူဦးရေ အတိအကျမသိရဘူး။ ငွေဈေးအတက်ကြမ်းတာကို ထိန်းဖို့ သူတို့ ခေါ်ထားတယ်လို့ ထင်တာပဲ၊ ဒါပေမဲ့ အခုလို အကြောင်းပြချက် မရှိဘဲ ဒီလို ထိန်းထားတော့ စိတ်ပူတယ်။”

စစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်ရေး အစီအစဉ်တွေက ဒေါ်လာမှောင်ခိုစျေးကွက်ကိုသာ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေပြီး ဒေါ်လာနဲ့ဝယ်ယူရတဲ့ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်၊ ကုန်ကြမ်းပစ္စည်း စတဲ့ သွင်းကုန်တွေဟာ နောက်ဆက်တွဲအနေနဲ့ စျေးနှုန်း ထပ်မံ မြင့်တက်ခဲ့သလို ဆေးဝါးနဲ့ ပြည်ပသွင်းကုန်ပစ္စည်းတချို့ ဈေးကွက် ပြတ်လာခဲ့ပါတယ်။ ဒီကုန်ဈေးနှုန်း မြင့်မားတဲ့ဒဏ်ကိုလည်း လစာနည်းဝန်ထမ်းနဲ့ အခြေခံလူတန်းစားတွေ ခါးဆီးခံစားနေကြရတာပါ။ 

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးအပေါ် ထိန်းချုပ်ကန့်သတ်တဲ့ ဖိအားတွေ များလာတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့အလတ်စား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေဟာ ရှင်သန်ဖို့ မနည်းရုန်းကန်နေကြရပြီး လုပ်ငန်းတွေ ရပ်နားထားကြရသူတွေလည်း ရှိလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024