DVB Logo
Home
မြန်မာသတင်း
ပေါ်ဆန်းဆန် ဈေးနှုန်း တလအတွင်း ၂၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းမြင့်တက်
DVB
·
August 1, 2022
ပေါ်ဆန်းဆန် ဈေးနှုန်း တလအတွင်း ၂၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းမြင့်တက်
Donate to DVB

ပြည်တွင်းမှာ ပြည်သူလူထု စားသုံးမှုများတဲ့ ဆန်ချောအမျိုးအစား ပေါ်ဆန်းဈေးနှုန်းဟာ တလအတွင်းမှာ တအိတ်ကို ၂၀ ရာခိုင်နှုန်းကျော် ဈေးနှုန်းမြင့် တက်သွားတဲ့အကြောင်း ဆန်ပွဲရုံ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအမျိုးအစားဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းက အလေးချိန် ၁၀၈ ပေါင်ရှိ ဆန်တအိတ်ဈေးနှုန်းမှာ ပြီးခဲ့တဲ့လက ကျပ် ၆၅၀၀၀  ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ၈၅၀၀၀  ရှိတာကြောင့် ဆန်တအိတ်ကို ကျပ် ၂၀၀၀၀ လောက် တက်သွားပြီး ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။’

အလားတူ ဧရာဝတီပေါ်ဆန်းကလည်း ပြီးခဲ့တဲ့လက ကျပ် ၅၀,၀၀၀ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကျပ် ၆၄,၀၀၀ ရှိတာကြောင့် ဆန်တအိတ်ကို ကျပ် ၁၄,၀၀၀ မြင့်တက်သွားပြီး ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းကျော် ဈေးတက်သွားတယ်လို့ ဆန်ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ရွှေဘိုဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အကြားမှာ တိုက်ပွဲတွေဟာ နေ့စဉ်နီးပါး ရှိနေတာပါ။

ဒါကြောင့် ရွှေဘိုစပါးအဓိကထွက်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသက စပါးစိုက်ပျိုးသူ တောင်သူတွေဟာ လယ်ယာလုပ်ငန်းကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တဦးက “ဒီရာသီက အခုအချိန်မှာ အကုန်လုံးက ဈေးတက်လာတာပဲလေ။ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း တက်တယ်။ သွင်းအားစုတွေကလည်း တက်လာတယ်။ အဓိက အချက်ကတော့ ဝယ်လိုအားကြောင့် (supply and demand) ပါ။ ကျနော်တို့ သိရသလောက်ဆိုရင် ဆန်ချောက လက်ကျန် ဖူလုံမှု ရှိသေးတယ်လို့ ကြားရတယ်။ ဒါပေမဲ့ ရွှေဘိုပေါ်ဆန်းကတော့လျှော့နိုင်တယ်။ အဲ့မှာ နယ်မြေမအေးချမ်းတော့ လယ်သမားတွေက အရင်ကလို မစိုက်နိုင်ဘူး။ ဆိုတော့ လက်ကျန်က လျှော့နိုင်တယ်။ ဧရာဝတီပေါ်ဆန်းကတော့ ပြဿနာ မရှိဘူး။ ကျနော်တို့ဆီမှာ လက်ကျန် ရှိသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောဈေးနှုန်းတွေ ရုတ်တရက် အခုလိုမြင့်တက်လာတဲ့အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်ကုန်သည်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အသင်းချုပ်မှ အဆင့်မြင့်ပုဂ္ဂိုလ်တဦးကလည်း “မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဆန်ကုန်သည်အသင်းတို့ ပူးပေါင်းပြီးတော့ ကုန်စည်ဒိုင်တွေမှာ စားသုံးသူတွေကို ကျနော်တို့ ဈေးသက်သက်သာသာနဲ့ တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေပါတယ်။ ရောင်းချပေးမယ့်အထဲမှာ ဧရာဝတီပေါ်ဆန်းနဲ့ ရွှေဘိုပေါ်ဆန်း ပါပါမယ်။ ပြီးတော့ ရက် ၉၀ ဆန်ကြမ်းပေါ့။ ဒီ ၃ မျိုးကို ရောင်းချပေးပါမယ်။ ကျနော်တို့ရောင်းချပေးမယ့်ဈေးက ဒိုင်ဈေးထက်တော့ နည်းနည်းသက်သာပါမယ်။ ကျနော်တို့လည်း ပြန်ဝယ်ပြီးရောင်းပေးရမှာဆိုတော့ အများကြီးတော့ မခံနိုင်ဘူးပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ စုစုပေါင်း စပါးစိုက်ဧက ၁၇ ဒသမ ၃ သန်းစိုက်ပျိုးခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာလည်း စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်လာမယ့် စိုက်ပျိုးရာသီမှာ နွေစပါး၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေအတွက် အကျိုးတူလယ်ယာစနစ်နဲ့  တနိုင်ငံလုံးအတိုင်းအတာနဲ့ စိုက်ပျိုးနိုင်ဖို့  ကျပ် ၄၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013