DVB Logo
Home
မြန်မာသတင်း
ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီ အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး
DVB
·
August 1, 2022
ကာလုံအစည်းအဝေးခေါ်ယူပြီး  စစ်ကောင်စီ အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို ဒီကနေ့ ဩဂုတ် ၁ ရက်ကနေ   နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီပြန်ကြားရေးက ကြေညာပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂) ကို ဇူလိုင်  ၃၁ ရက်က မနက်က နေပြည်တော်မှာ ခေါ်ယူကျင်းပပြီး သက်တမ်းထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်က စတင် တရားမဝင် အာဏာသိမ်းယူခဲ့တာဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က  ပထမ ၆ လ တကြိမ်သက်တမ်းတိုးခဲ့ကာ အခု  ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်နေ့ အာဏာသိမ်း သက်တမ်း ၁ နှစ်ခွဲပြည့်မြောက်ချိန်မှာ နောက်ထပ် ၆ လ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအခြေအနေအရ အစည်းအဝေး မတက်ရောက်နိုင်ဘူးလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကာလုံအဖွဲ့ဝင်တွေရဲ့ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)ရဲ့ လုပ်ပိုင်ခွင့်တွေအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတော်ရဲ့ နိုင်ငံရေးအရ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို  နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံ တာလို့ဆိုတယ်။

ဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေးနဲ့  ရွေးကောက်ပွဲကိစ္စတွေရှင်းလင်းပြောဆိုခဲ့ပြီး ဒို့တာဝန်အရေးသုံးပါး၊ ပါတီစုံ ဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိကြောင်း တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian)အဖြစ် ဒီတာဝန်တွေကို ထမ်းဆောင် သွားမှာဖြစ်ကြောင်း၊ တာဝန်တွေကို အောင်မြင်ပြီးမြောက်တဲ့အထိ ထမ်းဆောင်နိုင်ရေး စစ်ကောင်စီရဲ့ အာဏာသိမ်းသက်တမ်းကို နောက်ထပ် ၆ လသက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့် ပြုဖို့ တင်ပြခဲ့တယ်လို့ဆိုပါတယ်။

ဒီတင်ပြချက်နဲ့ပတ်သက်ပြီး ယာယီသမ္မတဦးမြင့်ဆွေကလည်း  စစ်မှန် စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ လွတ်လပ်တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ဖြစ်မြောက် စေရေးတို့အတွက်  (၆)လ သက်တမ်း ထပ်မံတိုးမြှင့်ပေးဖို့ ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ တရားမဝင်တဲ့ကြောင်းနဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအားလုံးကိုလည်း အသိအမှတ်မပြု ကန့်ကွက်တဲ့ အကြောင်းထုတ်ပြန်ကြေညာထားသလို   စစ်အာဏာရှင်ကို အမြစ်ကနေ တွန်းလှန်ဖယ်ရှားဖို့  နည်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်နေကြပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်အထိ ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံးမှာ  လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်မှုပေါင်း  ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းမှာ  ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းမှာ ၁,၃၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး  နိုင်ငံတဝန်း စစ်ကောင်စီဘက်က ၃,၄၈၃ ဦး သေဆုံးခဲ့ပြီး ၃,၀၆၅ ဦးဒဏ်ရာ ရရှိကာ  ၄၁ ဦးပျောက်ဆုံးခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စတင်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့်  ကျဆုံးခဲ့ရရတဲ့  အပြစ်မဲ့ပြည်သူ  ၂၁၃၈ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၈၂၀ ဦးရှိပြီး ဒီအထဲက ၁၃၆၄ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦး စုစုပေါင်း ၆၇၈ ခုထက်မနည်းရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့  ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၈,၈၈၆ လုံးရှိကြောင်း  Data for Myanmar  အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013