DVB Logo
Home
Lead Story
ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြဖို့
DVB
·
July 31, 2022
ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြဖို့
Donate to DVB

သတင်းနဲ့နည်းပညာ ဆိုတာကလည်း အရင်တုန်းကလို မဟုတ်။ တိုင်းပြည်အခြေအနေမှာလည်း ကိုဗစ်ကာလဖြစ်တာကလွဲလို့ အခြေအနေ ပြင်းထန်ဆိုးရွားမှုမရှိ။ ပြည်သူဆိုတာကလည်း ဟိုတုန်းကလို အပိတ်စနစ်ထဲ ရှင်သန်နေရသူ‌တွေ မဟုတ်တော့။

အထိုက်အလျောက် ပွင့်လင်းမြင်သာ လွတ်လပ်တဲ့အခြေအနေမှာ နေထိုင်ကြရရင်း နိုင်ငံရေးအသိရေချိန် မြင့်မားနိုးကြားလျက်။ ဒီလိုအခြေအနေ အရပ်ရပ်တွေ ရှိနေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး ပြည်သူအများ ယုံမှတ်ခဲ့ကြတယ်။ ဇော်မဲလုံးကိုယ်တိုင် ‘အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရဘူး’ ဆိုပြီး ပြောခဲ့တာတောင် စိုးရိမ်မှု မရှိခဲ့​ကြပါ။ တချို့ဆို ‘သိမ်းချင်သိမ်း အမှိုက်ပဲသိမ်း’ ဘာညာဆိုပြီးတော့တောင် social media တွေပေါ် တင်လိုက်ကြသေးတယ် မဟုတ်ပါလား။

ဒါပေမဲ့ လက်တွေ့မှာတော့ တိုင်းပြည်အာဏာကို ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မှာ ဖက်ဆစ်စစ်တပ်က သိမ်းယူလိုက်ပါတော့တယ်။ ဒါတောင် ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းလောက်အထိ စစ်တပ်အာဏာသိမ်းတာကို မယုံကြတဲ့သူတချို့ ရှိပါတယ်။ မြန်မာ့အသံနဲ့တကွ ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ ဖော်ပြကြေညာတော့မှ စစ်တပ်အာဏာသိမ်းတာကို အပြည့်အဝ လက်ခံခဲ့ကြပါတယ်။ အားလုံးက ၂၁ ရာစု ဒီမိုကရေစီ အလင်းရောင်တချို့တလေ ရနေတဲ့ တိုင်းပြည်မှာ အမှောင်ညတွေ ရှိမလာနိုင်တော့ဘူးလို့ ယုံကြည်ထင်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဖက်ဆစ်စစ်တပ်ကတော့ ပြည်သူရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး လက်နက်အားကိုးကာ တိုင်းပြည်ကို အမှောင်တိုက်ထဲသွင်းဖို့ လုပ်ဆောင်ခဲ့ပါတော့တယ်။

လက်နက်ကိုင်တွန်းလှန်မှုတွေလည်းမရှိ၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစု နေထိုင်တဲ့ အညာဒေသမှာ ရိုဟင်ဂျာတွေလို ဖြစ်ရပ်တွေ၊ တိုင်းရင်းသားဒေသတွေကလို အဖြစ်ဆိုးတွေ ဖြစ်လာဖို့ ဘယ်သူမှ ထင်မိကြလိမ့်မယ် မဟုတ်ပါဘူး။ ဒီအညာဒေသကို ဖက်ဆစ်စစ်တပ်က ရက်စက်မှုအပေါင်း သရဖူဆောင်းမယ်လို့ အညာသား ရိုးရိုးကြီးတွေက တွေးမိထင်ခဲ့ကြမယ် မထင်ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ အများသူငါ ထင်မှတ်မထားလောက်အောင် ဖက်ဆစ်စစ်တပ်က အညာ‌သားတွေအပေါ်မှာ အစွမ်းကုန် ရက်စက်ယုတ်မာခဲ့ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာလို့ ကြွေးကြော်ရင်း ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကို အရှင်လတ်လတ် မီးရှို့တယ်။ မသေ သေအောင် ညှဥ်းပန်းနှိပ်စက်တယ်။ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးသတ်ဖြတ်ပြပါတယ်။ ဘုရား တရား သံဃာလို့ ရွတ်ဆိုရင်း ဘုန်းကြီးတွေကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါ့အပြင် စပါးကျီတွေမီးရှို့၊ တရွာလုံးကို မီးတိုက်ပြီး မြန်မာလူမျိုး ဆိုသူတွေဆီကနေပဲ ပစ္စည်းဥစ္စာတွေ လုယက်ဓားပြတိုက်ပါတယ်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေထိုင်ပြီး စစ်တပ်က မလုပ်လောက်ဘူးလို့ ထင်ထားတဲ့ အညာဒေသဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု အများဆုံးဒေသ ဖြစ်လို့နေပါပြီ။

မကြာသေးခင်ရက်ပိုင်းက ဖက်ဆစ်စစ်တပ်က ထင်ရှားတဲ့ပုဂ္ဂိုလ်‌တွေဖြစ်တဲ့ ကိုဂျင်မီ အပါအဝင် တော်လှန်ရေးတပ်သားလေးဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ ၁၉၈၈ နှောင်းပိုင်းကစလို့ သေဒဏ်စီရင်ခြင်း မရှိတာတကြောင်း၊ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံအသီးသီးက သေဒဏ်မစီရင်ဖို့ တောင်းဆို၊ သတိပေးတာတွေ ရှိနေတာတကြောင်း စတဲ့ အကြောင်းပေါင်းများစွာကြောင့် ဖက်ဆစ်စစ်တပ်က သေဒဏ်ကို အမှန်တကယ် မစီရင်လောက်ပါဘူးလို့ အများသူငါ မှန်းဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဖက်ဆစ်စစ်တပ်ဘက်ရဲ့ သတင်းစာတွေကတဆင့် ကိုဂျင်မီတို့တတွေကို ကွပ်မျက်လိုက်ကြောင်း ထုတ်​ပြန်လာပါတော့တယ်။ မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ်ရဲ့ ထုံးစံအတိုင်း အာဆီယံ၊ ကုလတို့ အတန်တန်တားနေတဲ့ကြားက နားရွက် တံတွေးဆွတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ကုလ မကလို့ ကုလ အဖေဖြစ်ဖြစ်၊ အာဆီယံမကလို့ အာဆီယံအဖေဖြစ်ဖြစ် ငါတို့လုပ်ရင် အကုန်ရတယ်၊ ဘယ်ကောင်မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးမျိုး ချိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူကိုလည်း မင်းတို့ခေါင်းဆောင်ဆိုတဲ့သူတွေကို ငါတို့သတ်လိုက်ပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုပြီး ဒဲ့ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေကို ကြည့်လိုက်မယ်ဆိုရင် ဖက်ဆစ်စစ်တပ်ဟာ နိုင်ငံတကာနဲ့ ပြည်သူတွေ ထင်ထားတာထက် အများကြီး ရက်စက်ယုတ်မာကြောင်း တွေ့ရမှာပါပဲ။ ဘယ်ဥပဒေတွေ၊ ဘယ်ကျင့်ဝတ်တွေကိုမှလည်း ဂရုမစိုက်သလို ဘယ်နိုင်ငံကိုမှ ဘယ်ပြည်သူကိုမှ ထည့်မတွက်ဘူးဆိုတာ အထင်းသား မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ သူ့အာဏာတည်မြဲပြီး သူတို့အကျိုးစီးပွား တည်မြဲဖို့အတွက် ဘာဆိုဘာမှ ဂရုမစိုက်တော့ဘဲ ရှေ့လျှောက်လည်း ဒီလိုပဲ အစွမ်းကုန်ယုတ်မာတော့မှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပါတယ်။ တနည်းဆိုရရင် ရန်သူဟာ သူလုပ်စရာရှိတာကို ရေကုန်ရေခန်း လုပ်ဆောင်လာပြီဖြစ်တဲ့အကြောင်း ပြတ်သားစွာ တွေ့မြင်လိုက်ရပါပြီ။

ဒါကြောင့် NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အပါအဝင် ပြည်သူတရပ်လုံးဟာလည်း တော်လှန်သူများပီပီ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင် မရောက်မချင်း တွေဝေယိမ်းယိုင်ခြင်း မရှိဘဲ မိမိတို့ရဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ပြတ်ပြတ်သားသား အားသွန်ခွန်စိုက် ပြုလုပ်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရှုမြင်မိပါတယ်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013