DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးအာဇာနည်သူရဲကောင်း ဖြိုးဇေယျာသော် နောက်ဆုံးသီဆိုခဲ့သည့် “ငါတို့ဒဏ္ဍာရီ” သီချင်း(ရုပ်သံ)
DVB
·
July 28, 2022
နွေဦးတော်လှန်ရေးအာဇာနည်သူရဲကောင်း ဖြိုးဇေယျာသော် နောက်ဆုံးသီဆိုခဲ့သည့် “ငါတို့ဒဏ္ဍာရီ” သီချင်း(ရုပ်သံ)
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သေဒဏ်ပေး ကွပ်မျက်တာခံခဲ့ရတဲ့ နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်း ဟစ်ဟော့ပ်အဆိုတော် ဖြိုးဇေယျာသော်  နောက်ဆုံးသီဆိုခဲ့တဲ့ သီချင်းတပုဒ် အခုရက်ပိုင်းမှာ ထွက်ရှိ လာခဲ့ပါတယ်။

“ငါတို့ဒဏ္ဍာရီ” လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ အဆိုတော် Rဇာနည် ၊ ရန်ရန်ချန်းတို့နဲ့အတူ ဖြိုးဇေယျာသော်က တွဲဖက်သီဆိုထားခဲ့တာ ဖြစ်ပြီး Daniel Saw က Music Producer အနေနဲ့ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

“ရက်ကို လတွေစား… အသက်ကို မျှားတဲ့ည… လက်လွန်သွားတဲ့ ဘဝတွေ… ခမ်းနားခဲ့ဖူးတယ်… အဆုံးသတ်၌… လည်ပတ်နေတဲ့ အချိန်ကာလရဲ့… ယန္တရားထဲ ရူးခဲ့… အပြစ်တစ်ခုအတွက် ဝေဖန်ကြတဲ့… စ ကားတွေ ပြန်ကြားခဲ့ဖူးတယ်… ဒီလိုနဲ့… ဒီသံသရာ စက်ဝန်းထဲမှာ… ကူးခပ်လို့မျော… အတူလျှောက်ခဲ့တဲ့လမ်းတွေ ဆူးချက်တို့ပေါ… ဆုံချီ ဆန်ချီ ဘဝရဲ့ခရီးမှာ… ဆုံမည် ပြန်မည်… အနိစ္စချည်းပါ… ဘာတွေ ကို တပ်မက်နေမလဲ… Oh… ကိစ္စမရှိပါ… ဝါသနာနဲ့ ဘဝကို ချိန်ခွင်လျှာထိုး… ငယ်စဉ်က အိမ်ပြင်မှာ ဆိုးခဲ့တဲ့ လူငယ်တယောက်ရဲ့ စိတ်ကူးက တိမ်လည်မှာတိုး… ဖြစ်ချင်တာ ဖြစ်မလာလည်း… ခံယူချက် မလစ် ဟာခဲ့… အနားမှာရှိတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို… ငါချစ်ပါတယ်… ကိုယ့်ကိုယ်ကို ဝေဖန်ထောက်ပြ… တခါတလေတော့ အဖြေမှန်တောင့်တ… လေဆန်မှာ ပျံသန်းနေလည်း… ဒါဟာ ဘဝရဲ့ အခြေခံ အ ကြောင်းတရား… အဆုံးမသတ်နိုင် တမ်းတခြင်းနဲ့… တစ်နေ့ပြန်တွေ့ဖို့ ငါလေမှန်းရည်… လမ်းတစ်ဝက်မှာ နှုတ်ဆက်သွားတဲ့… သူငယ်ချင်းတွေလည်း ငါလေလွမ်းသည်”

ရန်ရန်ချန်းက “ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ အမှန်က ဒီသီချင်းလေးမှာ တခြားသူငယ်ချင်းတွေပါပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့သုံး ယောက်ပဲ ပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျနော်တို့ မထုတ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ဒီအချိန်ဟာ ထုတ်ဖို့အသင့်ဆုံးလို့ ယူဆတာရော ဒီသီချင်းလေးကို ဝိုင်း click ရာက ရတဲ့ငွေတွေကို တော်လှန်ရေးအတွက် အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

“လျှောက်ခဲ့တဲ့လမ်းတွေ ပြန်ကြည့်လိုက်… ပြန်ကြည့်လိုက်… အို… ဒဏ်ရာတွေနဲ့… မလွယ်ကူပေမဲ့… အတိတ်က နေ့ရက်တွေ ပြန်တွေးလိုက်… ပြန်တွေးလိုက်… အို… နွေးထွေးနေဆဲ… မနေ့ကလိုပဲ… ကိုယ်စီ အိပ်မက်နဲ့… အတူတူ လျှောက်လှမ်းဆဲ… ပြန်ဆုံတွေ့တဲ့အခါ… မာနမဲ့စွာ… ပွေ့ဖက်ကြတုန်းပဲ… Oh… Yeah… အချိန်တွေ ပြောင်းလဲပေမဲ့… Friend but Family” စတဲ့ စာသားတွေပါဝင်တဲ့  ဒီသီချင်းကိုတော့ We Click ရဲ့ ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့ပြီး ၁ ရက်အတွင်းမှာပဲ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ကို ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကို ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ် ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာတော့ ဖြိုးဇေယျာသော်ဟာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပြီး နောက်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊  PDF၊  Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူနဲ့အတူ မတရားပုဒ်မတပ်သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ သတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013