DVB Logo
Home
မြန်မာသတင်း
ဒေါ်လာများစုဆောင်းထားသဖြင့် မြန်မာပြည် သီရိလင်္ကာလို မဖြစ်နိုင်ဟု စစ်ကောင်စီပြော
DVB
·
July 27, 2022
ဒေါ်လာများစုဆောင်းထားသဖြင့် မြန်မာပြည် သီရိလင်္ကာလို မဖြစ်နိုင်ဟု စစ်ကောင်စီပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံလို  ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီက ပြောပေမဲ့   ဒီအဖြစ်ရပ်မျိုး ကြုံတွေ့ရနိုင်တဲ့  နိုင်ငံပေါင်းက မြန်မာအပါအဝင် ၆၉ နိုင်ငံ ရှိတယ်လို့ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ခန့်မှန်းတွက်ချက်ထားတဲ့ အကြောင်း သုတေသီတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက  သီရိလင်္ကာနိုင်ငံလို မြန်မာပြည် ဖြစ်လာနိုင်စရာ အကြောင်း မရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ထိုက်သင့်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီးဖြစ်တယ်လို့ စစ်ကောင်စီက ပြောပေမဲ့  ငွေကြေး ပမာဏ ဘယ်လောက်လဲဆိုတာကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ လက်တွေ့ မြေပြင် အခြေအနေနဲ့ ကွာဟနေတယ်လို့  စီးပွားရေး သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “သူတို့ပြောသလို ရှိတယ်ဆိုရင် ဒေါ်လာနဲ့ပတ်သက်ပြီး အများတကာကို ဘာကြောင့် လည်ပင်း လိုက်ညှစ်နေရတာလဲ။ အခုသူတို့လုပ်နေတာတွေက လည်ပင်း မညှစ်ရမယ့် ဟာတွေကိုပါ လည်ပင်း လိုက်ညှစ်နေတာလေ။ ဥပမာ နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ကျပ်ငွေနဲ့  အတင်းအဓမ္မ လဲလှယ်ပြစ်တာ။ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်ပမှ ချေးယူထားတဲ့ နိုင်ငံခြားငွေကြေးတွေကို ဆိုင်းငံ့ထားဖို့ ဆိုတဲ့ ဒီလိုထုတ်ပြန်ချက်တွေက စီးပွားရေး လောကအပေါ်မှာ အတော်လေး ရုပ်ဆိုးအကျည်းတန်စေတယ်။ ဒီတော့ ဒါတွေက ဒေါ်လာ လိုအပ်ချက် မရှိပဲနဲ့ လုပ်တာ မဖြစ်နိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် သွင်းကုန်ပစ္စည်းတွေရဲ့တန်ဖိုးနဲ့အတူ အခြေခံစား ကုန်တွေရဲ့ဈေးနှုန်းတွေကလည်း လိုက်ပါ မြင့်တက်လာတဲ့ ဒဏ်ကို လစာနည်းဝန်ထမ်း နဲ့ အခြေခံလူတန်းစားတွေ ခံနေရ ပါတယ်။

ဒါကြောင့်ဘဲ မြန်မာနိုင်ငံဟာ လက်ရှိအကျပ်အတည်းအတိုင်း ဆက်ရှိနေပါက စီးပွားရေးနလန်မထူတော့တဲ့ သီရိလင်္ကာ နိုင်ငံလို  ဖြစ်လာမယ့် အရိပ်အယောင်တွေ ရှိလာတာပါ။

စီးပွားရေးပညာရှင်တဦးက “သီရိလင်္ကာက ခရီးသွားလုပ်ငန်းနဲ့ လက်ဖက်ခြောက်ပို့ကုန် လုပ်ငန်းက ကိုဗစ်ကြောင့် ရပ်သွားပြီး တိုင်းပြည်ဝင်ငွေ မရှိတော့တာ။ ကိုဗစ်ဖြစ်လို့ ကျန်းမာရေးအသုံးစရိတ်က အရမ်းမြင့်တယ်။ စစ်အသုံးစရိတ်ကလည်း မြင့်တယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ။ ကိုဗစ်ကြောင့် ကျန်းမာရေးအသုံးစရိတ်တွေ သုံးထားပြီးပြီ။ ကံကောင်းတာက ကျနော်တို့မှာ နယ်စပ်ကုန်သွယ်ရေးရှိနေလို့ အသက်ရှုပေါက်လေး ရှိနေတာ။ ဒါပေမဲ့ ဒေါ်လာဈေးတက်လို့ ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ထုတ်ပြီး ရောင်းပေးနေရာက အခု မရောင်းပေးနိုင်တော့ဘူး။ ဒါကို ထိမ်းဖို့သူတို့ ကြိုးစားပေမယ့် မရဘူး။ မရတဲ့အပြင် ဘာအသုံးစရိတ် တက်လာလဲဆို စစ်အသုံးစရိတ် အရမ်းတက်လာတယ်။ အခု သူတို့ ပြင်ပမှာ သွားလာတဲ့အခါ ရမ်းသန်းပြီးတော့ ပစ်ခတ်သွားတဲ့ အဲ့ဒီ့ ကျည်ဆန်ဖိုးတွေနဲ့ အတိုက်အခံနယ်မြေတွေမှာဆိုရင် လေကြောင်းကနေ တိုက်ခိုက်တဲ့ အသုံးစရိတ်တွေက နည်းတာမဟုတ်ဘူး။ ဒီဟာတွေက ဒေါ်လာနဲ့ ဝယ်ရတာ။ ဒါတွေက လာဆောင့် တော့မှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ်လေ့လာသုံးသပ်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရံငွေကြေး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်း ပြီးနောက် နိုင်ငံခြားအရံငွေကြေး ပမာဏကို စစ်ကောင်စီက ထုတ်ပြန်တာ မရှိတာကြောင့် ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို မသိနိုင်တော့ပါဘူး။

မြန်မာငွေတန်ဖိုး ဆက်တိုက် ကျနေတာကြောင့် ပြင်ပမှာ အမေရိကန် တစ်ဒေါ်လာကို  ကျပ် ၂၅၈၀ အထိ ဇူလိုင် ၂၆ ရက်က အမြင့်ဆုံး စံချိန်တင် ရောက်ရှိနေပြီး၊ ဒေါ်လာနဲ့ အပြိုင် ရွှေစျေးကလည်း တစ်ကျပ်သားကို ကျပ် ၂၃ သိန်း အထက်ထိ  စံချိန်တင် မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013