DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်မှုအပေါ်နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက်
DVB
·
July 26, 2022
သေဒဏ်ပေးကွပ်မျက်မှုအပေါ်နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက်
Donate to DVB

ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား  ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တဲ့ အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒါနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက အခုလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့အချိန်မှာ နိုင်ငံရေးအခြေခံတဲ့ဆောင်ရွက်ချက်တွေအတွက် သေဒဏ်စီရင် ကွပ်မျက်တာဟာ နောက်တချိန်မှာ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးဖြစ်စဉ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ပါတယ်။

ပြီးတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံရေးအင်အားစုတွေကို  မထီမဲ့မြင်လုပ်ရာရောက်တယ်လို့ မြင်ကြောင်းလည်း ဆိုပါတယ်။

ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့  ရခိုင့်ဦးဆောင်ပါတီကလည်း စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို  မလိုလားကန့်ကွက်ကြောင်း ဇူလိုင် ၂၅ ရက်နေ့စွဲနဲ့  ထုတ်ပြန်ကြေညာပါတယ်။

ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့အား သေဒဏ်စီရင်တယ်လို့ ကြားသိရတဲ့ အတွက် ရခိုင့်ဦးဆောင်ပါတီအနေနဲ့ မိသားစုတွေရဲ့ ပူဆွေးသောကရောက်မှုတွေနဲ့ ထပ်တူခံစားရပြီး မြန်မာပြည်သူပြည်သားတွေနဲ့အတူ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ဆန့်ကျင်ဘက်အင်အားစုတွေကို ဝေးသထက်ပိုမဝေးသွားစေဖို့ အထူးလိုအပ်နေတဲ့ အခုလို ကာလမျိုးမှာ သေဒဏ်စီရင်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ တိုင်းပြည်အေးချမ်းသာယာနိုင်မယ့် ပန်းတိုင်သို့ လျှောက်လှမ်းကြရာဖို့ လမ်းကြောင်းမှ တိမ်းဖယ်သွားစေနိုင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီက ဆိုပါတယ်။ 

အလားတူ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်ချမှတ်ခဲ့တာဟာ တရားနည်းလမ်းမကျသလို အခုလို သေဒဏ်စီရင်လိုက်တာက ပိုလို့ နည်းလမ်းမကျ၊ တရားဥပဒေနဲ့ မညီဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီလို သေဒဏ်စီရင်တာဟာ မဖြစ်သင့်သလို ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့လည်း မလျော်ညီ မအပ်စပ်ဘဲ၏ လူ့ဂုဏ်သိက္ခာကို မလေးစားတာဖြစ်ပြီး တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။

ဒါဟာ တိုင်ပြည်း အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ တိုင်းသူပြည်သားတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ လူမဆန်တဲ့ လုပ်ရပ်အဖြစ် မှတ်ကျောက်တင်ထားရမှာဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်အပေါ်မှာလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

ဥပဒေပညာရှင် ဝါရင့်တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့်ကတော့  နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာဟာ  လူသတ်မှုပဲဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

ဥပဒေပညာရှင် ဦးကြီးမြင့်က “သေဒဏ်ထိုက်တဲ့အမှုမျိုးဆိုရင် ရှေ့နေပါရပါမယ်။ စွပ်စွဲခံရသူက မငှားနိုင်ရင် အစိုးရက ငှားပေးရပါမယ်။ ရှေ့နေမပါဘဲအမိန့်ချရင် ဥပဒေအရ အမှုပျက်ပါတယ်။ အယူခံကို စစ်ဗိုလ်ကာချုပ်က ပယ်ခွင့်မရှိပါ။ အရပ်သားတွေဖြစ်နေလို့ပါ။ သမ္မတကသာ သေဒဏ်ကိုအတည်ပြုနိုင်ပါတယ်။ သေဒဏ်အယူခံလွှာကိုပယ်နိုင်ပါတယ်။ အခုသမ္မတဦးမြင့်ဆွေက သမ္မတအတုပါ။ စစ်တပ်က သမ္မတအစစ် ဦးဝင်းမြင့်ကို ဖမ်းချုပ်ပြီး ဒုသမ္မတမြင့်ဆွေကို တင်မြှောက်ပြီး မြင့်ဆွေက ကာချုပ်မအလကို စစ်အုပ်ချုပ်ရေးအာဏာအပ်ခဲ့တာမို့ ၂၀၀၈ ခြေဥနဲ့မညီလို့ သမ္မတမြင့်ဆွေနဲ့ ကာချုပ်မအလမှာ သေဒဏ်အတည်ပြုခွင့်အာဏာမရှိကြပါ။  သေဒဏ်အတည်ပြုခွင့်မရှိသူများ အတည်ပြုခြင်းသည် လူသတ်မှုကျူးလွန်ရာရောက်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ပြောဆိုထားပါတယ်။

အကျဉ်းထောင်ဥပဒေအရ သေဒဏ်ပေးတော့မယ်ဆိုရင် မိသားစုကို နောက်ဆုံးလို့ပြောပြီး လူကိုယ်တိုင် တွေ့ခွင့်ပေးရမှာဖြစ်လို့ ဗွီဒီယိုကတဆင့် တွေ့ခွင့်ပေးတာဟာ ဥပဒေနဲ့မညီသလို နောက်ဆုံးတွေ့ခွင့်လို့ မပြောဘဲ သာမန်ထောင်ဝင်စာပုံစံမျိုး တွေ့ခွင့်ပေးပြီး ရုတ်တရက် သတ်လိုက်တာကလည်း ထောင်ဥပဒေနဲ့မညီဘဲ လိမ်လည်တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း “ဒါလူသတ်မှုကျူးလွန်တာပဲ။ သူတို့က တရားဝင် ရွေးကောက်တင်မြှောက် ခံထားရတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ်” လို့ မှတ်ချက်ပေးကြောင်း AAPP ကနေ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုကိုထောက်ခံတဲ့ နိုင်ငံတကာအာဏာရှင်တွေက စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အကျုံးဝင်နိုင်တဲ့ သေဒဏ်ကို လက်တွေ့ကျင့်သုံးတာမျိုး မလုပ်တန်ဘူးလို့ ပြောဆိုနှစ်သိမ့်ခဲ့ကြပေမယ့် စစ်အုပ်စုတော့ သူတို့ရဲ့ သရုပ်မှန်ကို ဖော်ပြခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013