DVB Logo
Home
မြန်မာသတင်း
လရောင်တောအမှု အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်သင့်၊ မတင်သင့် ဩဂုတ် ၁၁ ရက်နေ့ အမိန့်ချမည်
DVB
·
July 25, 2022
လရောင်တောအမှု အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲချက်တင်သင့်၊ မတင်သင့် ဩဂုတ် ၁၁ ရက်နေ့ အမိန့်ချမည်
Donate to DVB

နေပြည်တော်၊ လရောင်တောစီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုကို စွဲချက်တင်သင့်၊ မတင်သင့် တရားရုံးက ဩဂုတ် ၁၁ ရက် အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးစီးခဲ့တဲ့ လရောင်တော စိုက်ပျိုးသင်တန်း သက်မွေး‌ကျောင်းအတွက် မြေဧက ၁၀၀ ကျော် လျှောက်ထားရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက  ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုတွေနဲ့ စွဲဆိုခဲ့တာပါ။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က အလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

အဲဒီအမှု ၂ မှုအတွက် ဇူလိုင် ၂၆ ရက်နေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ တရားလို ဦးရဲထက်ကို ပြန်ခေါ်သက်သေအဖြစ် ဇူလိုင် ၂၆ ရက်နေ့မှာ ဆက်လက်လက်စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုထားပါတယ်။

“အမှုတွေအတွက် တရားရုံးကမေးလိုက်တိုင်း အပြစ်မရှိဘူးလို့ပဲ အန်တီက ထွက်ဆိုပါတယ်" လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့ အဂတိနှစ်မှုကို ဇူလိုင် ၁၃ ရက်နေ့မှာ ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့် တင်ထားတာပါ။    

နိုင်ငံခေါင်းဆောင်ရဲ့ ရှေ့နေ့အဖွဲ့‌က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ အရ အမှုတွဲ ချေဖျက်ခွင့်တင်တာဖြစ်ပြီး တရားရုံးရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြုတာကနေ ကာကွယ်ဖို့နဲ့ တရားဖြောင့်မှန်ရာရောက်အောင် တရားလွှတ်တော်မှာ ရှိရင်းစွဲဖြစ်တဲ့ မူလဘူတအာဏာကို သုံးစွဲခွင့်ရဖို့ ရည်ရွယ်တာလို့ ဥပဒေပညာရှင်တွေက ရှင်းလင်းထားပါတယ်။ 

ပြစ်မှုအင်္ဂါရပ်နဲ့ မညီတာ၊ တရားမကြောင်းစွဲရမယ့်အမှုကို ပြစ်မှုနဲ့စွဲတာ၊ နောက်တိုး တရားခံထည့်ရာမှာ ဥပဒေနဲ့မညီတာ၊ အမှုကနေ အပြီးလွှတ်ပြီးတဲ့သူတွေကို ထပ်မံစွပ်စွဲတာ၊ သက်သေကို မမှန်သက်သေခံမှုတွေနဲ့ အရေးယူတာ စတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး အမှုတွဲ ချေဖျက်ခွင့်စီရင်ထုံးတွေလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။  

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ အရ တရားစွဲဆိုထားတဲ့အမှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီရင် စွဲချက်မတင်ခင်မှာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေဆီကို စွပ်စွဲခံရသူက အမှုတွဲချေဖျက်ဖို့ လျှောက်ထားခွင့်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေချထားတဲ့ အမှု ၄ မှုကိုလည်း တိုင်းတရားရုံးဆီ ပြင်ဆင်မှု ဆက်တက်ထားပါတယ်။ နေပြည်တော်အချုပ်ထောင်ကို အပို့ခံထားရတဲ့ အတိုင်ပင်ခံဆီကို တပတ်မှာ သုံးကြိမ် ထောင်ဝင်စာပို့ခွင့်ရပြီး နေကောင်းကျန်းမာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ရာကြီးအမှတ် ၄ အမှုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်က အဂတိလိုက်စားထားတာမရှိတဲ့အတွက် သူ့မှာအပြစ်မရှိကြောင်း ဇူလိုင် ၅ ရက်နေ့ ရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။  

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု စုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013