DVB Logo
Home
Lead Story
အောင်ပွဲ၏ အုတ်မြစ်
DVB
·
July 25, 2022
အောင်ပွဲ၏ အုတ်မြစ်
Donate to DVB

မအလအုပ်စုက အာဏာသိမ်းလိုက်တဲ့အတွက် နွေဦးတော်လှန်ရေး အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာချိန်မှာ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ နီးပါး အာဏာချုပ်ကိုင်ခဲ့တဲ့ စစ်အုပ်စုကို ဘယ်စိန်ခေါ်လို့ ရပါ့မလဲဆိုပြီး တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 

အခုအချိန်မှာတော့ မအလ အုပ်စုဟာ နွေဦးတော်လှန်ရေးကို မနိုင်တော့ဘူးဆိုတဲ့ အယူအဆဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အယူအဆ ဖြစ်နေပါပြီ။ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး သန္နိဋ္ဌာန်ကို ယူကရိန်းပြည်သူတွေရဲ့ ရုရှား ကျူးကျော်မှု တွန်းလှန်ရေး သန္နိဋ္ဌာန်နဲ့ နှိုင်းယှဉ်ဂုဏ်ယူနိုင်တဲ့ အခြေအနေပါ။

မအလ အုပ်စုက အနိုင်ယူနိုင်တဲ့ အခြေအနေ မရှိတော့ဘူး ဆိုတော့ နွေဦးတော်လှန်ရေး အင်အားစုတွေက ဘယ်လို အောင်ပွဲခံ အနိုင်ယူမှာလဲ။ ဒီမေးခွန်းက အရေးကြီးပါတယ်၊ ဘယ်လို အောင်ပွဲခံ အနိုင်ယူမယ်ဆိုတဲ့ တွက်ဆချက်အပေါ် မူတည်ပြီး အောင်နိုင်ရေး မဟာဗျူဟာကို ပြင်ဆင်ခင်းကျင်းရမှာမို့လို့ပါ။ အများစုရဲ့ သုံးသပ်ချက်အရ နွေဦးတော်လှန်ရေးအင်အားစုတွေက နေပြည်တော်ကို သိမ်းပြီး စစ်ရေးအားပြု အောင်ပွဲမျိုးက ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ လူထုလက်နက်ကိုင်တပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်မှုတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုတော့ သုံးသပ်သူအားလုံးက လက်ခံကြပါတယ်။ စစ်ရေးနည်းသက်သက်ဗျူဟာနဲ့တော့ အောင်ပွဲမခံနိုင်ဘူးဆိုတဲ့ သဘောပါ။ 

တိတိကျကျပြောရရင်တော့ မအလအုပ်စုအပေါ် သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး စတဲ့ မျက်နှာစာပေါင်းစုံကနေ ထိုးစစ်ဆင် တိုက်ခိုက်ရမှာပါ။ အခုလည်းပဲ နွေဦးတော်လှန်ရေး အင်အားစုတွေဟာ မအလအုပ်စုအပေါ် မျက်နှာစာပေါင်းစုံကနေ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်နေတာပါ။ ပြောလိုတာက မအလ စစ်အုပ်စုရဲ့ ပြိုလဲမှုဟာ တအိအိ ပြိုကျလာပြီး ခုခံနိုင်စွမ်းမရှိတော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ရလဒ်ကတော့ မအလ အုပ်စုထဲက အုပ်စုငယ်တွေ ပြိုကွဲပဲ့စဉ်ထွက်လာပြီး လူထုတော်လှန်ရေးဘက် ကူးလာတာမျိုး ဖြစ်နိုင်သလို မအလ အုပ်စု စစ်အုပ်စုအတွင်း တန်ပြန်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ဆွေးနွေးတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိုးအကွေ့ ဖြစ်လာတော့မှပဲ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မှာပါ။ လက်ရှိအနေအထားမှာ‌တော့ ဖြစ်နိုင်ခြေ မရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးလို့ ဆိုလိုလိုက်တာနဲ့ မြန်မာလူထုက ခဲမှန်တဲ့ စာသူငယ်လို စိုးရိမ်နေကြမှန်း သိပါတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ဆွေးနွေးပွဲမှာတော့ စစ်အုပ်စုဟာ လူထုရဲ့ ဒီမိုကရေစီသန္နိဋ္ဌာန်ကို အရှုံးပေး လိုက်လျောရုံကလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ တည့်တည့်ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်၊ အရပ်သားအစိုးရလက်အောက်မှာ ကာကွယ်ရေးတာဝန် သီးသန့်တပ်ဖွဲ့အဖြစ် ရပ်တည်ရုံကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး။ ဒီသမိုင်းရဲ့ တောင်းဆိုချက်ကို ငြင်းဆန်မယ်ဆိုရင်တော့ မအလ စစ်အုပ်စုအနေနဲ့ လုံးဝ ပြိုလဲသွားတဲ့ ကံကြမ္မာကို ရင်ဆိုင်ရမှာပါ။

ဒီတော့ အောင်နိုင်ရေးဗျူဟာ အခင်းအကျင်း ပြင်ဆင်တဲ့အခါ မအလ စစ်အုပ်စုနဲ့ မျက်နှာစာပေါင်းစုံမှာ လွန်ဆွဲယှဉ်ပြိုင်ရမယ့် အခြေအနေကို ထည့်တွက် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ စစ်မျက်နှာဖွင့် ယှဉ်ပြိုင်ရမယ့် မျက်နှာစာအားလုံးအတွက် အခြေခံ ဘုံလိုအပ်ချက်ကတော့ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရရှိရေးပါ။ ဒီလို ဆုပ်ကိုင်ရရှိနိုင်ဖို့ဆိုရင် နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ ခိုင်မာပီပြင်တဲ့ ဗျူဟာအခင်းအကျင်း မူဘောင်ကို ချပြဖို့ လိုအပ်ပါတယ်။ ဘယ်လိုဗျူဟာ အခင်းအကျင်းမူဘောင်ကို ချပြဖို့ လိုအပ်မလဲ။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စုထူထောင်ရေးဆိုတာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လက်ခံထားပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက နှလုံးသားမှာ မြေမြှုပ်သင်္ဂြိုဟ် ပြီးသားပါ။ ဒီတော့ အောင်ပွဲအလွန်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်နဲ့အတူ တိုင်းပြည် ပုံမှန်လည်ပတ်နိုင်ရေးကို တာဝန်ယူမယ့် ကြားကာလ အစိုးတရပ်လိုအပ်မှာ ဖြစ်ပါတယ်။ ကြားကာလ အစိုးရနဲ့အတူ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် လိုအပ်ပါတယ်။ တိုင်းပြည် ပုံမှန်တည်ငြိမ်လည်ပတ်နိုင်ရေးကို ပထမဦးစားပေး အလျင်အမြန် ဆောင်ရွက်ရမှာဖြစ်လို့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်တာက သင့်တော်မယ် ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စရပ်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်ညှိနှိုင်း ဆုံးဖြတ်ရမယ့် ကိစ္စပါ။

ဒီနေရာမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဘယ်လို သဘောထားမလဲ ဆိုတာက အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်လာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒသဘောထားကို အမှန်တကယ် ကိုယ်စားပြုတယ်ဆိုတာက ငြင်းစရာမရှိပါဘူး။ နိုင်ငံတကာကလည်း လက်ခံအသိအမှတ်ပြုပြီးသားပါ။ ဒါပေမဲ့ မအလ စစ်အုပ်စုက အာဏာသိမ်းယူမှုကြောင့် ဖြစ်လာတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချပြီးသွားပါပြီ။ ဒါကြောင့် နွေဦးတော်လှန်ရေးအောင်ပွဲအလွန်မှာ လှမ်းလာမယ့် ခြေလှမ်းတိုင်းဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဦးတည်နေတယ်ဆိုတဲ့ အချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ဘဝင်ကျကျ လက်ခံနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသား ပြည်သူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုအားလုံးနဲ့ ညှိနှိုင်းပြီး ကြားကာလအစိုးရ ဖွဲ့စည်းရေးကို ဆောင်ရွက်ရမှာပါ။ ဒါမှသာ ကျယ်ပြန့် ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုတရပ်ကို စုစည်းနိုင်မှာပါ။ ကျယ်ပြန့်ခိုင်မာတဲ့ နိုင်ငံရေးအင်အားစု ထူထောင်နိုင်မှလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်နိုင်မှာပါ။

ချုပ်ပြောရရင်တော့ လူထုက ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရက်တစ်အစိုးရလက်အောက်မှာ ကာကွယ်ရေးတာဝန်သီးသန့်ဆောင်ရွက်မယ့် ဖက်ဒရယ်တပ်မတော်က ကဏ္ဍတရပ်အနေနဲ့ ပါဝင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကြိုးပမ်းရာမှာ နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ ကျယ်ပြန့်နိုင်သမျှကျယ်ပြန့်တဲ့ နိုင်ငံရေးအင်အားစုတရပ်ကို ထူထောင်ဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ကိုသာ လက်ခံမယ်ဆိုရင် မအလ စစ်အုပ်စုက ဘက်ပြောင်းလာတဲ့ အင်အားစုတွေကိုပါ စည်းရုံးလက်ခံဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ တခြား ရွေးချယ်စရာနည်းလမ်းမရှိလို့ လူထုနဲ့ တိုင်းပြည် ထိခိုက်နိုင်တာကို သိလျက်နဲ့ စစ်ရေးနည်းလမ်းကို ရွေးချယ်ရပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မယ့် အခွင့်အလမ်း အမှန်တကယ်သာရှိခဲ့ရင် တာဝန်သိသိဆွေးနွေးဖို့ အဆင်သင့် ဆိုတာကို လူထုကိုရော နိုင်ငံတကာကိုပါ အခိုင်အမာ ပြသဖို့ လိုအပ်ပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေဟာ “ငါနိုင် သူရှုံး” တံလျှပ်အောင်ပွဲနောက်ကို လိုက်နေတဲ့ အင်အားစုတွေမဟုတ် တိုင်းပြည်အနာဂတ်အတွက် ကျယ်ပြန့်တဲ့ နှလုံးသား ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးသန္နိဋ္ဌာန်နဲ့ ပိုင်းဖြတ်ဆောင်ရွက်နေတဲ့ အင်အားစုတွေဆိုတာ တကမ္ဘာလုံးကို သက်သေပြဖို့ လိုအပ်ပါတယ်။ နွေဦးတော်လှန်ရေးအလွန်မှာ ပြည်ထောင်စုအင်အားစု အားလုံးကို ထင်ဟပ်တဲ့ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကြားကာလအစိုးရ၊ ထိုမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် ဆိုတဲ့ ဦးတည်ချက်နောက်မှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကျေကျေလည်လည် ယုံယုံကြည်ကြည် လိုက်ပါလာအောင် နည်းလမ်းပေါင်းစုံနဲ့ လှုံ့ဆော်စည်းရုံး ပြင်ဆင်ရမယ့်အခြေအနေ ရောက်နေပါပြီ။ 

ရဲဝံ့လင်းယုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013