DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဆက်ဖြစ်
DVB
·
July 23, 2022
စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဆက်ဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေကြွယ်ပုံကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ အထိုင်ချတပ်စွဲထားတဲ့ စခန်းတခုကို ဇူလိုင် ၂၂ ရက် မနက် ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျဆုံးရှိခဲ့တယ်လို့ Zero ပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ )က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ၂ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတပ်ဖွဲ့မှ ၉ ဦး  သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Zero ပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ) မှ မြင်းခြံခရိုင် တပ်ရင်း ၇၊ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့  RPG လက်ဖြောင့်တပ်သား ဒုတပ်ခွဲမှူး အာကြီး ( ခ ) ကိုအောင်ကိုဇင် အသက် (၂၄ ) နှစ် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

Zero ပြောက်ကြားတပ်ဖွဲ့ ( မြင်းခြံ ) မှ တာဝန်ရှိသူတဦးက  “စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့က ကျေးရွာစာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတာ ရှိတယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ စပစ်ခတ်ခဲ့ပြီး အပြန်လှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ဘက်က တပ်ခွဲမှူး ၁ ဦးကျဆုံးသွားတဲ့ အပေါ်မှာ အတော်လေးကြေကွဲရတယ်။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်မှု ပန်းတိုင်မရောက်မချင်း အဆုံးထိတိုက်ပွဲဝင်သွားမှာပါ” လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ RPG လက်ဖြောင့်တပ်သား ဒုတပ်ခွဲမှူး ကိုအောင်ကိုဇင်ဟာ တော်လှန်ရေးစတင်ချိန်မှ ကျဆုံးချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်ပေါင်း ၁၄၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့  PDF Saw အဖွဲ့က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် သူဌေးလမ်းခွဲမှ ဆောမြို့နယ်ကို ဇူလိုင် ၁၈ ရက် နေ့ခင်းပိုင်းက ဝင်ရောက်လာပြီး ဆော-ဆိပ်ဖြူ လမ်းပိုင်း နဂါးပွက်တောင်တွင် စခန်းချနေကြတဲ့စစ်ကောင်စီတပ်အင်အား၁၈၀ခန့်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင် ၁၈ ရက်မှ စလို့ တိုက်ပွဲဖြစ်ခဲ့တာလို့  PDF Saw က သတင်းပြန်ကြားရေးတာဝန်ရှိသူ တဦးကပြောပါတယ်​။

“၁၈ ရက်နေ့က ဆောမြို့နယ်နဲ့ဆိပ်ဖြူနဲ့အစပ် ၄၄ မိုင်မှာ ထိတွေ့မှု ဖြစ်တယ်။ မဟာမိတ်တပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်း ၇ လုံး မိပြီး စကစ ၇ယောက်လောက်ထိတယ်။”

ဇူလိုင် ၁၈ ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ ထိတွေ့တိုက်ပွဲမရှိခဲ့ပေမဲ့  ဇူလိုင် ၂၀ ရက် မနက် ၁၀ နာရီမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၁ ရက်မှာလည်း နေလယ် ၂ နာရီမှ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အဲဒီမှာ နှစ်ဖက်လုံး လက်နက်ကြီး အားပြုတိုက်ခိုက်ခဲ့ကြတာ ထိခိုက်တဲ့နေရာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရတာတခုမှ မရှိသေးဘူး။ ကျနော်တို့ဘက်က အားသာချက်က တနေ့ကို drop bomb တွေ ၃ ကြိမ်လောက်အထိ ချနိုင်ခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုကို  ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များ ဖြစ်ကြတဲ့ PDF-SAW တပ်ရင်း ၁၊ PDF-SAW တပ်ရင်း၂(YRPA)၊ လောင်းရှည်PDF(YRPA)၊ မဟာမိတ်တပ်များဖြစ်ကြတဲ့ ညောင်ရမ်းPDF၊ စလင်းPDF၊ ပြည်သူစွမ်းအားတပ်ပေါင်းစု(PPC)၊ စေရာတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ 

ဇူလိုင် ၂၂ ရက်မှာ စစ်ကောင်စီတပ်သားတွေဟာ ဆော-ဆိပ်ဖြူလမပိုင်း နဂါးပွက်တောင်မှာ ဘန်ကာတွေ တူးပြီး အထိုင်ချနေတယ်လို့သိရပါတယ်။

အခုအခါမှာ စစ်ကောင်စီတပ်ဟာ တပ်စွဲထားဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမယ့် အနေအထားရှိနေတယ်လို့သိရပါတယ်။

မြောင်မြို့နယ်မှာလည်း ဇူလိုင် ၁၉ နဲ့ ၂၀ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့‌ မြောင်မြို့နယ် ပြည်သူ့ကာကွယ်‌ကာရေး အဖွဲ့နှင့်သတင်းပြန်ကြားရေးက ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့မှာ ကျောက်ရစ်မှာ အထိုင်ချ‌ နေထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး‌‌ သေဆုံးခဲ့သလို  ဇူလိုင် ၂၀ ရက်မှာလည်း မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကို ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊မြို့နယ် ပကဖ၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T) တို့ပူးတွဲလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ကလည်း ပခုက္ကူဘက်ကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ စစ်သင်္ဘောတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှု တွေရှိခဲ့တယ်လို့ Farmers Revolution Force(CHU) က ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“ဆန်တက်လာတာ စစ်သင်္ဘောကြီးက စက်ကြီး စက်ကလေးတွေရော ပါတယ်။ ကန်ကြီးကုန်းရဲ့ တောင်ဘက်ရွာ တောကျောင်းကြီးနားက အနိမ့်ရွာကို လက်နက်ကြီးကျသေးတယ်။ သူတို့က ပစ်ခတ်ပြီးတော့ တက်လာတာပေါ့လေ၊ အမြင့်ကျေးရွာအကျော် မုံရွာနယ်ဘက်ရောက်တော့ ကျနော်တို့တိုက်ပွဲစတာပေါ့လေ, အဲ့အချိန်မှာ Mytel မမပေါ့လေ ရှေ့ပြေး ၁၀ လုံးပေါ့လေ  ၂ နေရာခွဲပြီး ကျနော်တို့က ဖောက်ခွဲပစ်လိုက်တာပေါ့လေ။ ဖောက်ခွဲလိုက်တော့ သူတို့ကလည်း တလစပ် ပစ်တာပဲ၊ ဗြောင်းဆန် လို့ အသံတွေကိုဟိန်းလို့။ စက်ကလေးစက်ကြီး အကုန်ပိတ်ရမ်းတာ အဲ့အချိန်မှာ သူတို့ထိခိုက်သွားတာ” လို့ Farmers Revolution Force(CHU) က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါစစ်သင်္ဘောမှာ စစ်ကောင်စီအင်အား ၃၀ လောက်ပါရှိပြီး လက်နက်ကြီးလက်နက်ငယ်တွေ ပါရှိတယ်လို့ ဆိုပါတယ်။

ဆိုပါတိုက်ခိုက်မှု့ကိုFarmers Revolution Force(CHU) တပ်ရင်းနဲ့ ဗန္ဓုလအဖွဲ့သားများက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Farmers Revolution Force(CHU) တပ်ဟာ စစ်ကောင်စီတပ်အား မကြာမကြာ တိုက်ခိုက်နေတာကြောင့် လက်နက်ခဲယမ်း အကူအညီလိုအပ်နေပြီး ကူညီပေးကြဖို့ CHU က မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013