DVB Logo
Home
Lead Story
သွေးစွန်းလက်နဲ့ဘုရားတည်၊ ထီးတင်၊ ဘုရင်ရူးရောဂါ - သွေးဆိုးဗီဇ စိတ္တဇနာ
DVB
·
July 21, 2022
သွေးစွန်းလက်နဲ့ဘုရားတည်၊ ထီးတင်၊ ဘုရင်ရူးရောဂါ - သွေးဆိုးဗီဇ စိတ္တဇနာ
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မိသားစုနဲ့အတူ နောက်တော်ပါ မိုက်ဖော်မိုက်ဖက်တချို့ ဝိုင်းရံလို့ လူသတ်တာ ငရဲမရောက်ကြောင်း တရားဟောကြားခဲ့တဲ့ သီတဂူဘုန်းကြီး ဦးဆောင်ပြီး ရုရှားနိုင်ငံမှာ တည်နေတဲ့ ရွှေစည်းခုံ (ပုံတူ)စေတီ ထီးတင်ပွဲ ဖွင့်လှစ်ပေးဖို့ ရောက်ရှိနေပါတယ်။

ရုရှားအစိုးရရဲ့ တရားဝင်ဖိတ်ကြားမှုမရှိဘဲ ပုဂ္ဂလိကခရီးစဉ်အဖြစ် MAI လေယာဉ်စင်းလုံးကို နိုင်ငံအကျိုးပြည်သူ့အကျိုး တစ်စက်တောင်မပါဘဲ အသုံးပြုခဲ့တဲ့ စစ်အကြမ်းဖက်ဓားပြ ခေါင်းဆောင်ဟာ ကိုယ်ကျင့်သီလ တည်ကြည်လို့ ပြည်သူချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး၊ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရာအတွက် ပြည်တွင်းခရီးစဉ်မှာသုံးဖို့ ရဟတ်ယာဉ်ဝယ်ယူမှုအပေါ် အဂတိလိုက်စားမှုဆိုပြီး တရားစွဲထားပါတယ်။

တကယ်တမ်းသာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လူယုတ်မာစစ်အခွင့်ထူးခံတွေ အာဏာလုယူအပြီး တနှစ်ကျော်အတွင်း ကျုးလွန်ခဲ့သမျှ အဂတိလိုက်စားမှု၊ နိုင်ငံ့ဘဏ္ဍာဖြုန်းတီးမှု၊ စစ်ရာဇဝတ်မှုတွေကိုသာ တရားစွဲရရင် ပြစ်မှုပေါင်းသိန်းသန်းချီမှာ ဖြစ်ပါတယ်။ 

အကုသိုလ်တွေ တနင့်တပိုးကျူးလွန်ထားတဲ့ အာဏာလုစစ်ခေါင်းဆာင် တက်ရောက်ဖွင့်လှစ်ပေးတဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး ကာလုဂါအရပ်မှာရှိတဲ့၊ ယူကရိန်းနိုင်ငံကို ကျုးကျော်ရန်စပြီး စစ်တိုက်နေတဲ့ ရုရှားက မတန်မရာနာမည်ပေးထားတဲ့ အတနာမီ – ကမ္ဘာ့ယဉ်ကျေးမှုပန်းခြံမှာ တည်ထားတဲ့ ရွှေစည်းခုံ(ပုံတူ) စေတီတော်ရဲ့အဓိကအလှူရှင်က နဝတ၊ နအဖ စစ်အာဏာသိမ်းအဖွဲ့နဲ့ ပေါင်းဖက်လို့ အခွင့်ထူးခံခွင့်ရပြီး ချမ်းသာလာတဲ့ ခရိုနီအောင်ကိုဝင်းနဲ့ သူ့ဇနီး နန်းသန်းထွေးတို့မိသားစု ဖြစ်ပါတယ်။

တကယ်တော့ မြန်မာပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဒုက္ခပေးသတ်ဖြတ်ညှဉ်းဆဲ ထောင်ချပြီး မသန့်ရှင်းတဲ့ ချမ်းသာကြွယ်ဝမှုကို ရယူခဲ့ကြတဲ့ စစ်အခွင့်ထူးခံ အာဏာရှင်အဆက်ဆက်ဟာ မဟာအကုသိုလ်ကြီးတွေ လုပ်ပြီးတိုင်း သူတို့ ကျူးလွန်တဲ့ မကောင်းမှုတွေရဲ့ ခြောက်လှန့်မှုက လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့သဘောနဲ့ ဘုရားတည်တာ၊ ထီးတော်တင်တာ၊ ဗုဒ္ဓဂါယာဘုရားဖူးသွားတာ စတဲ့အလုပ်တွေကို ရူးသွပ်စွာ ပြုလေ့ရှိပါတယ်။

လက်ဦးပထမ စစ်အာဏာရှင် ဗိုလ်နေဝင်းတုန်းကလည်း ရွှေတိဂုံဘုရားကုန်းတော်နားက မဟာဝိဇယစေတီ တည်ခဲ့သလို၊ ‌၁၉၈၈ အာဏာသိမ်းစဉ်က ပြည်သူအထောင်အသောင်းချီ သတ်ခဲ့ပြီး သူ့စီနီယာ အာဏာရှင်ကို ဇာတ်တူသားစားလို့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေ တုန်းကလည်း နေပြည်တော်၊ ပင်လုံ စတဲ့အရပ်တွေမှာ ရွှေတိဂုံပုံတူစေတီတွေ တည်ခဲ့သလို စာဖတ်သူကြီးအဖြစ် ဇိမ်ယူတဲ့အချိန်မှာ သူ ပြုခဲ့တဲ့ အကုသိုလ်တွေရဲ့ ခြောက်လှန့်တာ ခံရဟန်တူပါတယ်။ ဗိုလ်သန်းရွှေနဲ့ သူ့မိန်းမတို့ ဗုဒ္ဓဂါယာဘုရားဖူးသွားပြီး အပြစ်‌ဆေးကြောဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အဲဒီလို အကုသိုလ်တွေကို ကုသိုလ်နဲ့ ဆေးကြောလို့ရမယ်ထင်ပြီး မကောင်းမှုတွေ အထွတ်အထိပ် ကျူးလွန်ပြီးမှ ဘုရားတည်တဲ့‌ရောဂါ၊ ဘုရားဖူးရောဂါ၊ ဘုရင်ရူးရောဂါဟာ စစ်အာဏာရှင်ဓားပြ အဆက်ဆက် သွေးကူးဗီဇပါလာတဲ့ စိတ်ရောဂါတစ်ခု ဖြစ်ဟန်တူပါတယ်။

အခုမြန်မာနိုင်ငံရဲ့ နောက်ဆုံးစစ်အာဏာရှင်ဖြစ်တဲ့ မင်းအောင်လှိုင်ဟာလည်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူလူထု ထောင်ချီ သောင်းချီ သတ်ဖြတ်ဖမ်းဆီး ရက်စက်တဲ့ မဟာအကုသိုလ်ကြီးတွေ စစ်ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့ပြီးတဲ့နောက် သာသနာပြုမင်းဖြစ်ချင်တဲ့ ဘုရင်ရူးရောဂါနဲ့ စကျင်ကျောက်တုံးဘုရား တည်ဖို့လုပ်တာ၊ အခု ရုရှားမှာ ရွှေစည်းခုံ(ပုံတူ)စေတီထီးတင်တာတို့ ဆိုတာ သွေးစွန်းလက်ကို မဆေးဘဲ ပုတီးကိုင်သလို၊ လူသတ်နေရင်း ရေစက်ခွက် ကိုင်သလိုမျိုးပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတရားတွေကို ကောင်းစွာနားလည်သဘောမပေါက်တာကြောင့် ပြုခဲ့တဲ့ လူသတ်၊ ဓားပြတိုက်၊ သူတပါးအိမ်ရာ ဖျက်ဆီးမီးရှို့ထားတဲ့ အကုသိုလ်တွေကို သီလမဖြူစင်ဘဲ စေတနာမမှန်ဘဲ အလှူပေး၊ ဘုရားတည်ထီးတင်ပြီး ဆေးကြောလို့ရတယ်လို့ ထင်ပုံရပါတယ်။  

ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ မဇ္ဈိမနိကာယ် ဒက္ခိဏာဝိဘင်္ဂသုတ်ထဲမှာ အလှူအတန်းနဲ့ပတ်သက်လို လှူသူ၊ အလှူလက်ခံသူတို့ရဲ့ စင်ကြယ်ခြင်း၊ လှူဖွယ်ပစ္စည်း သန့်ရှင်းစင်ကြယ်မှုတွေအပေါ် မူတည်လို့ အလှူ၏ စင်ကြယ်ခြင်း ၄ မျိုးနဲ့ အကျိုး‌ပေး အနည်း အများ ကွဲပြားတဲ့အကြောင်းကို ရှင်အာနန္ဒာကို ဟောကြားရှင်ပြတော်မူတဲ့အထဲက စာမရှည်ရအောင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အောက်ပါ စာပုဒ်ကိုသာ ဖော်ပြလိုက်ပါတယ်။ 

အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံကို လွတ်လပ်ရေးရစဥ်ကတည်းက ဒီကနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်တိုင် စစ်ကျွန်ပြုပြီး ဒုက္ခပေးခဲ့ကြတဲ့ စစ်အခွင့်ထူးခံအာဏာရှင်အဆက်ဆက်ရဲ့ သွေးဆိုး ဗီဇစရိုက်ထဲမှာ သွက်သွက်ခါခါအောင် မှားယွင်းပြီး အရိုးစွဲ‌နေတဲ့ အယူဆိုး ဥပါဒန်ကြီးကတော့ အကုသိုလ်ကု‌ဋေကုဋာ ကျူးလွန်ပြီးရင် သွေးစွန်းလက်နဲ့ ဘုရားတည်၊ ထီးတင်လို့ အပြစ်‌တွေကို ဆေး‌ကြောလို့ရတယ်လို့ မှတ်ထင်ထားတာနဲ့ သူတို့ကိုယ်သူတို့ ဘုရင်ဝင်စားတယ်လို့ စိတ်ကြီးဝင်တဲ့ ဘဝင်ရူးရောဂါတွေပဲ ဖြစ်ပါတယ်။ စာရေးသူကတော့ သူတို့ရဲ့ကုသလို့မရတဲ့အပြင် သံသရာတလျှောက်လုံး ဝဋ်ကြွေးပြန်ဆပ်ရမယ့် အဲဒီရောဂါကို သွေးဆိုးဗီဇ စိတ္တဇနာလို့ပဲ သတ်မှတ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013