DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ မူဝါဒအမျိုးမျိုးကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခက်ကြုံ
DVB
·
July 20, 2022
စစ်ကောင်စီ၏ မူဝါဒအမျိုးမျိုးကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခက်ကြုံ
Donate to DVB

စစ်ကောင်စီက နိုင်ငံခြားသုံးငွေအပေါ် ထိန်းချုပ်မှုနဲ့အတူ သွင်းကုန်လိုင်စင်တွေကို ကန့်သတ်လာတဲ့ အကျိုးဆက်ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ အပါအဝင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အခက်အခဲအကျပ်အတည်း ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေးအတွက် အမေရိကန် ၁ ဒေါ်လာတန်ဖိုးကို ဈေးကွက် ပေါက်ဈေးနှုန်းအတိုင်း နှုန်းရှင်မထားဘဲ ကန့်သတ် ထိန်းချုပ်ထားပါတယ်။

အကြောင်းရင်းက မြန်မာငွေ တန်ဖိုးအား မကျအောင် ဝင်ထိန်းထားတာလို့ ဆိုပေမယ့် လက်တွေ့ မြေပြင်အခြေအနေမှာတော့ မြန်မာငွေကြေးအပေါ် အယုံအကြည် နည်းလာတာကြောင့် ခိုင်မာမှုရှိတဲ့ ရွှေနဲ့ ဒေါ်လာအား ဝယ်ယူလာတဲ့အတွက် ရွှေဈေး၊ ဒေါ်လာဈေးက အကျမရှိ အတက်ပဲ ရှိလာပါတယ်။

ဒေါ်လာတန်ဖိုး မြင့်တက်လာတဲ့ အကျိုးဆက်က ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေသာမက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှုရှိတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက “လက်ရှိကတော့ ဒေါ်လာဈေးက သိတဲ့အတိုင်းပေါ့နော်။ ကမ္ဘာမှာ ဒေါ်လာရဲ့ ပုံရိပ်က တက်လာတယ်။ အထူးသဖြင့် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်လိုက်ပြီးတဲ့နောက် နောက်ဆက်တွဲဖြစ်လာတာပေါ့။ နိုင်ငံကြီးတွေမှာလည်း ဒီပြဿနာက ရှိတယ်။ ဒါပေမဲ့ ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကတော့ ပိုပြီးတော့ ခံစားရတာပေါ့နော်။ နဂိုကတည်းက ပို့ကုန်ကလည်း အများကြီး မရှိဘူး။ နိုင်ငံခြားငွေ အရန်ထားရှိမှု ပမာဏကလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နည်းတယ်။ လူတွေရဲ့ သဘောကလည်း အိမ်ခြံမြေ၊ ကား၊ ရွှေနဲ့ဒေါ်လာ ဒါတွေပဲ ဝယ်ယူပြီး ကိုင်တဲ့ သဘောရှိတယ်။ အဲဒီတော့ လက်ရှိမှာဆိုရင် ဒေါ်လာက ဝယ်ရခက်လာပြီး ရောင်းမယ့်သူက နည်းနေတယ်။ ဒါကြောင့် သွင်းကုန်နဲ့ လုပ်နေရတဲ့ လုပ်ငန်းငယ်တွေဆိုရင် ပိုပြီး အခက်အခဲ ဖြစ်တာပေါ့။ ပြီးတော့ ဈေးနှုန်းတွေ ဘာတွေဆို ရုတ်တရက် အများကြီး တက်လိုက်လို့လည်း မရဘူး။ ဆိုတော့ ပစ္စည်းတွေ ရောင်းပြီးရင် ပြန်သွင်းဖို့ ခက်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားသုံးငွေတန်ဖိုး မြင့်တက်လာတာက ပို့ကုန်သမားတွေအတွက် အကြိုက်လို့ ဆိုရပေမယ့် လက်ရှိတော့ ပို့ကုန်နဲ့ သွင်းကုန် နှစ်ခုစလုံးအတွက် အခက်အခဲတွေဖြစ်နေရပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ကျန်တဲ့တိုင်းပြည်တွေလည်း ဒေါ်လာနဲ့ငွေလဲနှုန်းမှာ ကျတာပဲလေ။ ဒါပေမဲ့ သူတို့က ပို့ကုန်တင်ပို့မှု မကျဘူး။ ထိုင်းဆိုရင် ဆန်တင်ပို့တာ တလကို တန်ချိန် ၂ သန်း ပို့နိုင်တယ်။ ဘာလို့ဆို သူ့ဈေးက သက်သာသွားလို့လေ။ ကျနော်တို့တိုင်းပြည်က ဒေါ်လာ ဈေးတက်ရင် ပို့ကုန် (ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ကုန်) က ပိုထွက်လာရမှာ။  ခက်နေတာက ဒေါ်လာဈေးကို သူတို့က နှုန်းသေလုပ်ထားတော့ ပို့ကုန်သမားတွေအနေနဲ့က ငွေဈေးဖောင်းပွမှုကို အခွင့်အရေးအနေနဲ့ ပြန်သုံးချလို့ မရဘူးဖြစ်နေတယ်။ ကျန်တဲ့တိုင်းပြည်တွေက ပို့ကုန်ကို သူတို့က ဈေးလျှော့ပြီး ရောင်းနိုင်တယ်။ ဥပမာ-၁ တန်ကို ဒေါ်လာ ၄၀၀ ရောင်းတဲ့ဟာက ငွေလဲနှုန်းမြှင့် တက်သွားလို့ ၃၉၀ နဲ့လည်း သူတို့က ရောင်းနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ ၄၀၀ ရောင်းတဲ့ဟာက အခု ၁၈၅၀ နဲ့သတ်မှတ်ထားလို့ ၄၃၀ နဲ့ ၄၄၀ ရမှ ရောင်းနိုင်တဲ့ အနေအထား ဖြစ်သွားတယ်။ အဲ့တော့ ကျနော်တို့ဆီက မဝယ်တော့ဘူး။ တခြားသက်သာတဲ့ဆီက ဝယ်ဖို့ ဖြစ်သွားတယ်။ အမှန်တကယ်ဆို ဒေါ်လာဈေးတက်ရင် ပို့ကုန်သမားတွေက ကြိုက်ကြတယ်။ ဒေါ်လာ ဈေးကျရင် သွင်းကုန်သမားတွေက ကြိုက်ကြတယ်။ ဒါပေမဲ့ အခုက ပို့ကုန်သမားလည်း ဝမ်းမသာနိုင်ဘူး၊ သွင်းကုန်သမားလည်း ဝမ်းမသာနိုင်ဘူး ဖြစ်နေတယ်။ ပြီးတော့ ပို့ကုန်တွေအပေါ်မှာလည်း Advance TT စနစ်နဲ့ နိုင်ငံခြားငွေကို ဘဏ်အကောင့်ထဲ အရင်လွှဲရမယ်။ ပြီးမှ လိုင်စင်ထုတ်ပေးမယ်ဆိုတာကလည်း လက်တွေ့ကျတဲ့အလုပ် မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်လိုင်စင်တွေနဲ့ပတ်သက်ပြီး တင်းကျပ်ကန့်သတ်လာတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေမှာလည်း အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ဒေါ်လာက လက်ရှိ ကျနော်တို့ လက်ထဲမှာ ကိုင်ထားလို့ မရဘူး။ bank account ထဲမှာ ဒေါ်လာ ရှိရင် ၁၈၅၀ ကျပ်နဲ့ တခါတည်း သူတို့က ပြောင်းယူလိုက်တာ။ ပြီးတော့ အရင်ကပေါ့နော်၊ သွင်းကုန်ပစ္စည်းအတွက် အစိုးရဆီက ဒေါ်လာ မဝယ်ဘဲနဲ့ မိမိ အစီအစဉ်နဲ့ မိမိဝယ်ပြီး သွင်းကုန် တင်သွင်းကြတာ ရှိတယ်လေ။ အခု အဲ့ဒါမျိုးနဲ့ သွင်းကုန် တင်သွင်း မယ်ဆိုလည်း လိုင်စင်က မချပေးဘူးနော်။ ဒီတော့ အခုတွေ့နေရတဲ့ ပြဿနာက ငွေဈေး တက်လာတာက တကြောင်းနဲ့ သွင်းကုန်လိုင်စင် ချမပေးတာက တကြောင်း၊ ဒီနှစ်ချက်နဲ့ ကျနော်တို့ ရင်ဆိုင်နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကတဆင့် မြန်မာ့ပို့ကုန်တင်ပို့မှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် (၈-၇-၂၀၂၂) အထိ အမေရိကန်ဒေါ်လာ ၄၅၄၀ ဒသမ ၉ သန်း ရရှိထားပြီး သွင်းကုန်တင်ပို့မှုမှာ (ကာလတူ) အမေရိကန်ဒေါ်လာ ၄၆၂၂ ဒသမ ၆ သန်း တင်သွင်းမှုရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013