DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ် ဆယ်ဇင်း‌ရွာတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
July 18, 2022
ဖားကန့်မြို့နယ် ဆယ်ဇင်း‌ရွာတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၉ နာရီဝန်းလောက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြစ်ကြီးနားအခြေစိုက် လေတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွေက ပြောပါတယ်။

“မနက်က လေယာဉ်နဲ့ပတ်ပြီး ငါးခါလောက် လာပစ်တာ။ ဗုံးကတော့ ချတာ ဆယ်လုံးကျော်လောက် ရှိမယ်။ ဆယ်ဇင်းမှာ နေတဲ့သူတွေကို မနေကြဖို့ ကေအိုင်အေက ကြိုပြောတယ်။ မထွက်ဘဲနေကြတဲ့သူတွေ အခုပိတ်မိနေပြီ” လို့ ဒေသခံဦးက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တာဝါတိုင်ကုန်းအနီးရှိ နေအိမ်တလုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“မနေ့က မနက်ငါးနာရီလောက် အဲ့ဒီတာဝါတိုင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကေအိုင်အေက အဲဒီတာဝါတိုင် စစ်တပ်ကုန်းကို လာတိုက်တော့ လေယာဉ်နဲ့လာကူပစ်တာ” လို့ တိုက်ပွဲအတွင်း ပိတ်မိနေသူတဦးက ပြောပါတယ်။ 

တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်လို့ အနီးအနားရှိ ကျေးရွာတွေမှာ နေထိုင်သူတွေ ဆယ်ဇင်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ကစတင်ပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၄၂)၊ (၇၆) နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာ မရှိသေးသလို ထိုခိုက်သေဆုံးစာရင်းနဲ့ လက်နက်သိမ်းဆည်းရမိ အခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဟုမ္မလင်းမြို့နယ်အစပ် ရွှေပြည်မြင့်ကျေးရွာမှာလည်း ပစ်ခတ်တိုက်ခိုက်နေပြီး သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013