DVB Logo
Home
Lead Story
ပြည်သူ့ ကြိုတင်သတ်မှတ်ချက် သုံးရပ်
DVB
·
July 14, 2022
ပြည်သူ့ ကြိုတင်သတ်မှတ်ချက် သုံးရပ်
Donate to DVB

အာဆီယံ အထူးသံတမန်နဲ့ တွေ့ဆုံစဉ် စစ်အာဏာရှင် မင်းအောင်လှိုင်က သူ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်လည်း သူ့အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့၊ ၂၀၀၈ ခြေဥကို အခြေခံမူအနေနဲ့ထားဖို့ဆိုတဲ့ အချက်သုံးချက်ကို ကြိုတင်သတ်မှတ်ထားပြီး အဲဒီဘောင်ထဲကပဲ ဆွေးနွေးမှုတွေလုပ်မယ်ဆိုပြီး ပြောကြားခဲ့ကြောင်း အာဆီယံအထူးသံတမန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအကြောင်း ခေတ်သစ် သတင်းမီဒီယာမှာ ဖော်ပြတာ ဖတ်လိုက်ရပါတယ်။ မူရင်း သတင်းအရင်းအမြစ်ကတော့ ထိုင်း The Nation သတင်းဌာနဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မူရင်းသတင်းဖြစ်တဲ့ The Nation ထဲမှာ ကြိုတင်သတ်မှတ်ချက် precondition နဲ့ ပတ်သက်လို့တော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မူရင်းသတင်းထဲမှာ ပါပါ၊ မပါပါ ဒီသုံးချက်က စစ်အာဏာရှင် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ သဘောထား အစစ်အမှန်တွေလို့ မှတ်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသုံးချက်လုံးကို ကြည့်လိုက်မယ်ဆိုရင်လည်း သူတို့ဘက်က အထက်စီးယူမယ်၊ အာဏာကို ဖက်တွယ်ထားမယ်၊ လက်ရှိနေရာကနေ ဆင်းမပေးဘူး ဆိုတာကို အထင်းသား တွေ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါက စစ်အာဏာရူးတို့ရဲ့ စိတ်နေသဘောထားအမှန်လို့လည်း ဆိုနိုင်ပါတယ်။

သူတို့ရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ အစိုးရကို မဖျက်ဆီးဖို့ဆိုတဲ့အချက်ကို ကြည့်ရအောင်ပါ။

တပြိုင်နက်တည်းမှာတင် ပြည်သူရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချထားတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေက ဒီစကားပြောတာကို ကြားရတော့ ပြုံးမိပါတယ်။ ဒီ စစ်အာဏာရူးတွေက တခါတလေတော့ သနားစရာ၊ ရယ်ဖွယ်တိရစ္ဆာန်တွေလိုပါပဲ။ တသက်လုံး တိုင်းပြည်ကို လိမ်တယ်။ ညာတယ်။ အယုံသွင်းတယ်။ ခုထိလည်း လိမ်လို့ရမယ်ထင်ပြီး လိမ်နေတော့တာပါပဲ။ ဒါပေမဲ့ သူတို့လိမ်တာ၊ ညာတာတွေကို ပြည်သူတွေက အလုံးစုံသိနေပြီမို့ သူတို့ အလိမ်အညာစကားတွေက ရယ်စရာတခုလို ဖြစ်လာတော့တာပေါ့။

တကယ်က ဘယ်သူကအစိုးရလဲ၊ အစိုးရမဟုတ်ဘူးလဲ၊ ဘယ်သူက ပြည်သူက ရွေးထားတဲ့သူလဲ ဆိုတာ အားလုံးသိထားပြီးသားပါ။ ကိုယ့်စိတ်ကြိုက် ကောက်ခါငင်ကာ ထဖွဲ့၊ အမည်ပေးရုံနဲ့တော့ အစိုးရဖြစ်မလာပါဘူး။ တိုင်းပြည်က လူထုက ထောက်ခံဖို့၊ လူထုကနေ မိမိသဘောဆန္ဒနဲ့အညီ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံရဖို့ အရေးကြီးပါတယ်။ တနည်းဆိုရရင် လွတ်လပ်၊ ပွင့်လင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့၊ ပြည်သူစစ်တဲ့ စာမေးပွဲကို အောင်ဖို့လိုတာပေါ့။ အခုချိန်မှာ အစိုးရဆိုပြီး သူ့ကိုယ်သူ သုံးနှုန်းနေတဲ့ စစ်အုပ်စုမှာ ဒီလိုအရည်အချင်းမျိုး မပြည့်မီပါ။ မဲလိမ်တယ်ဆိုတဲ့ မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့ ပြည်သူ့အစိုးရအဖွဲ့တခုလုံးကို သေနတ်ထောက် ပြန်ပေးဆွဲပြီး အာဏာသိမ်း၊ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ပြီး အတင်းအကျပ်နဲ့ အစိုးရလုပ်မယ် ဆိုတာတွေက ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။

ပြည်သူတွေကိုယ်တိုင် အသက်တွေ ဘဝတွေရင်းပြီး ဆန့်ကျင်နေတဲ့ကြားကနေ ကိုယ့်ဖဲကိုယ်ချိုးပြီး အိမ်စောင့်အစိုးရဆိုပြီး ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်ရုံနဲ့ အစိုးရဖြစ်မယ်ထင်နေတာက ၂၀ ရာစုမှာပဲ ရပါမယ်။ လက်ရှိ ၂၁ ရာစု နွေဦးတော်လှန်ရေးမှာတော့ မမျှော်လင့်ကြပါနဲ့။ ပြောရရင် ‌အဲ့လို အာဏာကို အရှက်မရှိ အာသာငမ်းငမ်းတက်နေတဲ့ စစ်အုပ်စုဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥနဲ့တောင် တရားမဝင်ပါဘူး။ မဲလိမ်လို့ အာဏာသိမ်းတယ်ဆိုတဲ့ သူတို့ဘက်က အကြောင်းပြချက်ကို ကြည့်ရင်လည်း ခိုင်လုံမှုမရှိ၊ ယုတ္တိမတန်ပါဘူး။

၂၀၀၈ ခြေဥ အခန်း (၉)၊ ပုဒ်မ (၄၀၂) အရ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ရွေးကော်ရဲ့ အဆုံးအဖြတ်က အပြီးသတ်ဖြစ်ရမယ်ဆိုပြီး ပြဋ္ဌာန်းထားတာကြောင့် ဖြစ်တယ်။ နောက်ပြီး ရှိသေး။ ခြေဥပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ရပါတယ်တဲ့။ တကယ်က သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥအရ အရေးပေါ်အခြေအနေတရပ် ကြေညာတော့မယ်ဆိုရင် ကိုက်ညီရမယ့်အချက်တွေ ရှိပါတယ်။ ခြေဥပုဒ်မ ၄၁၀ အရဆိုရင် အဲ့ဒီအချိန်မှာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ တခုခုမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်လို့မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အဲ့ဒီလိုအခြေအနေကို အဲ့ဒေသရဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက တင်ပြလို့ပဲဖြစ်ဖြစ်၊ သမ္မတကိုယ်တိုင်က သိလို့ပဲဖြစ်ဖြစ် ကာလုံနဲ့ညှိပြီးမှသာ အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ ရွေးကောက်ပွဲတွေ ပြီးကတည်းက တိုင်းပြည်မှာ ဆူပူသောင်းကျန်းမှုတွေ ရှိမရှိဆိုတာ တတိုင်းပြည်လုံးက ပြည်သူတွေ အသိဆုံးပါပဲ။ နောက်တခုက ဒီပြဋ္ဌာန်းချက်အရ သမ္မတက ကာလုံဆိုတာနဲ့ ညှိနှိုင်းတိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ ဘယ်ရှိပါ့မလဲ။ အရေးပေါ်အခြေအနေ ကြေညာရမယ့် အခြေအနေတွေမှ မရှိတာကိုး။ ဒါကြောင့် စစ်အုပ်စုရဲ့ အာဏာသိမ်းမှုဟာ သူ့စိတ်ကြိုက်ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခြေဥနဲ့တောင် တရားမဝင်ရှာပါဘူး။ သူတို့ပြောပြောနေတဲ့ ဥပဒေနဲ့အညီ မဟုတ်ရှာပါဘူး။

ဒါပေမဲ့ သူတို့မှာ ဥပဒေနဲ့ညီတဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဘာလဲဆိုရင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁ အရ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေပုဒ်မ ၂ အရ အကြမ်းဖက်အဖွဲ့ ဖြစ်သွားခြင်းတွေပါ။ ဒါ့အပြင် နိုင်ငံတကာဥပဒေ၊ စာချုပ်တွေဖြစ်တဲ့ ရောမစာချုပ်၊ ဂျီနိုဆိုက် သဘောတူစာချုပ်တွေအရ ဆိုရင်လည်း နိုငံတကာခုံရုံးတင်ခံရမယ့် စစ်ရာဇဝတ်ကောင်တွေသာ ဖြစ်ပါ​ပေတယ်။ အာဏာရှင်မင်းအောင်လှိုင်တို့အနေနဲ့ ဖြစ်မယ့်ဖြစ် အစိုးရတော့ မဟုတ်ဘူး။ နိုင်ငံတော်ပုန်ကန်နေတဲ့ အကြမ်းဖက်၊ ရာဇဝတ်ကောင် တရားမဝင်စစ်အုပ်စုပဲ ဖြစ်ပါတယ်။

ဒုတိယတခုကတော့ သူတို့အစိုးရအဖွဲ့ကို အစားမထိုးဖို့ ဆိုပါသတဲ့။ အထက်ကပြောခဲ့သလို တရားမဝင်စစ်အုပ်စု၊ အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင် စစ်အုပ်စုကို ပြည်တွင်းရော ပြည်ပကပါ လက်မခံကြပါဘူး။ သူတို့အုပ်စု ပြုတ်မကျဖို့၊ သူတို့အာဏာ တည်မြဲဖို့အတွက်ဆိုရင် အကြမ်းဖက် ရက်စက်ယုတ်မာနေတဲ့ စစ်အုပ်စုကို ဘယ်သူကမှ အသိအမှတ် မပြုကြပါဘူး။ ဒီစစ်အုပ်စုရဲ့ မိုက်ရိုင်းယုတ်မာပုံတွေကို ခံနေရတဲ့ မြန်မာပြည်သူတွေက အသိဆုံးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁ ရက်၊ ဇူလိုင် ၇ ရက်က ယုံကြည်ရတဲ့ သတင်းမီဒီယာတွေက တင်တဲ့ သတင်းတွေကိုပဲ ခဏကြည့်လိုက်ရင်ကို ဇူလိုင် ၇ ရက်မှာ ဖလမ်းက အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီးတဦး၊ ဝက်လက်က စိတ်ဝေဒနာရှင်တဦး၊ ပုလဲက အသက် ၇၀ ကျော် အဘိုးအိုတဦး မီးရှို့သတ်ဖြတ်တာတွေ တွေ့ရပါတယ်။ ဒီလို ပြည်တွင်းပြည်က ဘယ်ဥပဒေနဲ့မှမညီ၊ ဘယ်သူကမှ အသိအမှတ်မပြုတဲ့အပြင် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတဲ့ ဒီစစ်အုပ်စုကိုမှ ဖြုတ်မချရင် ငါတို့ထက်မိုက်တာ ရှိတော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တွေနဲ့ ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။ ငရဲကြီးရှစ်ထပ်မကတဲ့ ဒီဒုက္ခဆင်းရဲတွေပေးနေတဲ့ ဒီစစ်အုပ်စုကို မြန်မာ့မြေပေါ်က ဆုံးခန်းတိုင် ပျောက်သွားစေဖို့ တော်လှန်ကြဖို့ မြန်မာပြည်သူတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်တို့ စစ်အုပ်စုအနေနဲ့ ဒင်းတို့ကို ပြည်သူတွေက ဖြုတ်ချမယ်ဆိုတာ သံသယမဝင်ပါနဲ့။ မပူပါနဲ့။ သေချာပေါက် ဖြုတ်ချမှာပဲ ဖြစ်ပါတယ်။

ဘိုးတော်တွေ၊ ဗေဒင်နက္ခတ်တွေ၊ အဓမ္မဝါဒီအားပေး ဘုန်းကြီးတွေပြီးရင် စစ်အုပ်စု ကိုးကွယ်အားထားတာ တခုကတော့ နှစ်ပေါင်း ဆယ်စုနှစ်ကျော်ကြာ တဖက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥဆိုတာကြီးပဲ ဖြစ်ပါတယ်။ ခြေဥကို ဘယ်လောက် အရူးအမူး ဖက်တွယ်လဲဆိုရင် ခြေဥကို အမြဲတမ်းထောက်ပြ၊ ဝေဖန်တဲ့ ပုဂ္ဂိုလ်တွေကို တရားစွဲထောင်ချတာ၊ ပညာရှင် ဦးကိုနီလိုလူကိုတောင် လူလယ်ကောင် ပစ်သတ်တဲ့အထိပဲ မဟုတ်လား။ အခုလည်း ၂၀၀၈ ခြေဥအရ မဟုတ်ရင် တော်လှန်ရေးအင်အားစုတွေနဲ့ မတွေ့ဆုံ၊ မဆွေးနွေးဘူးဆိုတဲ့ သဘောကို ထုတ်ဖော်ပြောလိုက်တာ ဖြစ်ပါတယ်။

အားလုံး သိကြတဲ့အတိုင်း သူတို့ကိုးကွယ်ဖက်တွယ်နေတဲ့ အဲ့ဒီခြေဥဟာ ဥပဒေသဘောတရား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆတွေနဲ့ ကိုက်ညီမှုလည်း မရှိသလို ဒီမိုကရေစီစံနှုန်း ဆိုတာတွေကလည်း အနှစ်သာရပိုင်းအရ ရှိမနေပါဘူး။ သူတို့စစ်အုပ်စုကို နိုင်ငံရေးမှာ အမြဲတမ်းပါလို့ရအောင်၊ သူတို့စစ်အာဏာ သက်ဆိုးရှည်အောင် စစ်တပ်က နိုင်ငံရေးမှာ ပါနေတာကို တရားဝင်သယောင်ယောင် ကာကွယ်ပေးထားတဲ့ သူတို့ရဲ့ တခုတည်းသော လက်ကိုင်တုတ်အကြီးစားတခုသာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေ ရှိမနေသလို တိုင်းရင်းသားတွေအတွက်လည်း အနှစ်နှစ်အလလက တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး စတာတွေလည်း အနှစ်သာရပိုင်းအရ ရှိမနေခဲ့ပါဘူး။ Quasi federal Constitution လို့ ခေါ်မယ်ဆိုရင်တောင် ၁၉၄၇ ဖွဲ့စည်းပုံကမှ ဒီမိုကရေစီ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာ‌တွေနဲ့ပတ်သက်ရင် ၂၀၀၈ ခြေဥထက် များစွာပါဝင်ခဲ့၊ လက်တွေ့ အကျိုးရှိခဲ့ပါသေးတယ်။ ဒီ ၂၀၀၈ ခြေဥကတော့ စစ်တန်းလျားကို လွှတ်တော်မှာ တရားဝင် တည်ဆောက်နိုင်အောင်၊ စစ်အာဏာကို သက်ဆိုးရှည်အောင် ဟန်ဆောင်လိမ်ညာထားတဲ့ မုသာဝါဒပေါင်းချုပ်စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီတန်ဖိုးတွေ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းမှုတွေ မရှိတဲ့ ၂၀၀၈ ခြေဥအောက်ကနေပဲ ဆွေးနွေးမယ်ဆိုတဲ့ မင်းအောင်လှိုင် သတ်မှတ်ချက်ဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးအတွက် ဆောင်ရွက်နေသူတွေအတွက် အဓိပ္ပာယ်မရှိပါဘူး။

ဒါ့အပြင် ဒီခြေဥကို ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ CRPH ကိုယ်တိုင်က ဖျက်သိမ်းထားပြီးပြီလည်း ဖြစ်တာမို့ ၂၀၀၈ ခြေဥအောက်က ဆွေးနွေးဖို့ စစ်အုပ်စုရဲ့ သတ်မှတ်ချက်ဟာ အရူးချီးပန်း လက်တွေ့မကျတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောကြားချက်ပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်က စစ်အုပ်စုရဲ့ သဘောထားတွေကို အခုလို ပြောလိုက်သလို တော်လှန်သော ပြည်သူတွေဘက်ကလည်း ကြိုတင်သတ်မှတ်ထားတဲ့ အခြေအနေသုံးချက် ရှိပြီးသားပါ။ အဲ့ဒါတွေကတော့ …

  • အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင် တရားမဝင်စစ်အုပ်စုကို အစိုးရအဖြစ် အသိအမှတ်မပြု၊
  • အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင် စစ်အုပ်စုကို အပြီးတိုင် ချေမှုန်းဖို့နဲ့
  • တိုင်းရင်းသားပြည်သူတရပ်လုံးအတွက် အာမခံချက် အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအရပဲ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါပေတယ်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013