DVB Logo
Home
မြန်မာသတင်း
လွယ်ဂျယ်တွင် ၅ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံရ
DVB
·
July 13, 2022
လွယ်ဂျယ်တွင် ၅ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း မကျေမနပ်ဖြစ်ရာမှ ကလေးတဦးအားသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလောင်းတွေ့ရှိလို့ လာရောက်ကြည့်ရှုနေတဲ့ ဒေသခံတယောက်က “လွယ်ဂျယ်မှာ ကလေးတယောက်ပျောက်တာ ဒီမနက် ရှာတွေ့လို့ လွယ်ဂျယ်တမြို့လုံး လာကြည့်နေကြတယ်။ ကြံခင်းအလယ်မှာ သတ်ပြီး ဖျောက်ထားတာ။ ကြံရွက်တွေနဲ့ပဲ ဖုံးထားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အသက် ၅ နှစ်ဝန်းကျင်ရှိ ကလေးငယ်ဟာ ဇူလိုင် ၈ ရက်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒေသခံတွေ ဝိုင်းဝန်းရှာဖွေခဲ့ပေမဲ့ မတွေ့ရှိဘဲ လူသတ်တရားခံလို့ ယူဆရသူက ဒီကနေ့မနက်က အလောင်းဖျောက်ထားတဲ့နေရာကို လိုက်ပြခဲ့တာလို့  ကူညီသယ်ဆောင်ပေးသူတယောက်က ပြောပါတယ်။

“မနက်ကျမှ ကျနော်တို့ နာရေးကူညီမှုအသင်းကို လာခေါ်မှ သိတာ။ ရဲတွေရော၊ တာဝန်ရှိသူတွေရော လက်နက်တွေနဲ့ ဘာတွေနဲ့ သွားပြီးမှ အဲတရားခံကပြလို့ အလောင်းကိုတွေ့မှ ကျနော်တို့ သယ်ပေးနေတာ။ တရားခံမိလို့ ဒီအလောင်းပေါ်တာ။ ကျနော်တို့က သာမန်လူ သွားတွေ့တာမဟုတ်ဘူး။ တရားခံကမိလို့ ပေါ်တာ။”

တရားခံလို့ ယူဆရသူဟာ ထွက်ပြေးသွားခဲ့ပြီး ကျောက်စခန်း မရောက်ခင်မှာ ဒေသခံတွေ ဝိုင်းဝန်းကူညီမှုနဲ့ ပြန်လည်တွေ့ရှိ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးမလေးက မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

လက်ရှိမှာတော့ သေဆုံးသွားတဲ့အလောင်းကို မိုးမောက် ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေး အတည်ပြုနိုင်ဖို့အတွက် ကူညီပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ လွယ်ဂျယ် မေတ္တာမွန် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒေသခံတယောက်က “အရင်တုန်းက စကားများထားတဲ့ကိစ္စနဲ့ လူကြီးကို မလုပ်ဘဲနဲ့ ကလေးကိုလုပ်တာ။ မကျေနပ်တာ သူ့အမေကို မကျေနပ်တာ။ ဒါပေမဲ့ သူ့သမီးကို လုပ်လိုက်တာ။ တရားခံက အသက် ၃၀ ကျော် ၃၅ ဝန်းကျင်ရှိမယ်ထင်တယ်။ ခန့်မှန်းချေအရပေါ့။ မြို့ခံမဟုတ်ဘူး၊ ကျောက်ဆည်က။ ဒီဘက် အလုပ်လာလုပ်တာ။ အရင်က ကုန်တင်ကုန်ချပေါ့ အလုပ်က။ သေသွားတဲ့ ကလေးမိသားစုလည်း ကျောက်ဆည်ကပဲ။ သူတို့ အကုန်လုံး အလုပ်လာလုပ်ကြတာ ဟုတ်တယ်။ ဖြစ်တာက ၂ အိမ်။ အရင်တုန်းက မဖြစ်ဖူးဘူး လွယ်ဂျယ်မှာ။ မရှိဘူး ဒါမျိုး။ ကလေးလူသတ်မှု မရှိဖူးဘူး” လို့ ပြောပါတယ်။

နောက်ထပ် အခုလိုမျိုးဖြစ်မှာကို စိုးရိမ်နေကြပြီး ထပ်မဖြစ်ရအောင် ကြပ်ကြပ်မတ်မတ် အမှုစီရင်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီကလေး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အပြင် တရားခံလို့ ယူဆရသူ အမျိုးသားကိုလည်း ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013