DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုးကွယ်လွန်
DVB
·
July 12, 2022
အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုးကွယ်လွန်
1 / 2
Donate to DVB

ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ်း စတဲ့ နာမည်ကျော်စာအုပ်တွေနဲ့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီး မောင်သာနိုးဟာဟာ ဝါဆိုလပြည့်  ဇူလိုင် ၁၂ ရက် ဒီကနေ့ညနေ ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ဝန်းကျင် အရွယ်ရှိနေပြီဖြစ်ကာ  ရန်ကုန်မြို့က SSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

မောင်သာနိုးကို ၁၉၃၄ ခုနှစ် မေလ ၁၆ ရက်နေ့က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့ပြီး စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ကာ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာနဲ့ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ 

ဆရာကြီး မောင်သာနိုးဟာ အထက်တန်းကျောင်းသားဘဝကတည်းက စတင်ကာ စာပေတွေ ရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာ ရှိချိန်ကတည်းက နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ်  ဆောင်ရွက်ခဲ့ပါတယ်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ရန်ကုန်ကို ပြောင်းလာခဲ့ပြီး မဂ္ဂဇင်းတွေမှာ စာပေတွေ ရေးသားတာတွေ၊ စာအုပ်တွေ ထုတ်ဝေတာတွေ ဆောင်ရွက်ခဲ့ကာ ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စာပေ အစီအစဉ်ကို တက် ရောက်ခဲ့ပါတယ်။

ဆရာကြီး မောင်သာနိုးစာ မကွယ်လွန်မီအချိန်ထိ မြန်မာစာပေလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ စာပေတွေကို တစိုက်မတ်မတ် ရေးသား ပြုစုထုတ်ဝေခဲ့ကာ အဲဒီစာအုပ်တွေထဲမှာတော့ ထင်းရှူးပင်ရိပ်၊ တော မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ခိုးစားတဲ့ သစ်သီး၊ ဟိုက္ကူကဗျာ ခရီးသည် စတဲ့စာအုပ်တွေကတော့ ထင်ရှားတဲ့ စာအုပ်တချို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာကြီး မောင်သာနိုးဟာ မြန်မာ စာပေ အရေးအသား ၊ ဘာသာဗေဒ နဲ့ တခြား စာပေဆိုင်ရာတွေ ရေးသားခဲ့သလို မောင်သိင်္ဂါ နာမည်နဲ့ ကဗျာတွေကို ရေးသားခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသား စာပေ တသက်တာဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာကြီးရေးသားပြုစုထုတ်ဝေခဲ့သည့် စာအုပ်များ 

၁။ ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၂။ တော်မှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၃။ ဗမာစာ ဗမာစကား ၁၉၇၂

၄။ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀

၅။ ESSAYS & LETTERS ၁၉၉၂

၆။ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ် ၁၉၉၂

၇။ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄

၈။ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄

၉။ နိရောဓသစ္စာ ၁၉၉၆

၁၀။ ခိုးစားတဲ့ သစ်သီး ၁၉၉၆

၁၁။ MIDDLE SCHOOL ENGLISH ESSAYS ၁၉၉၆

၁၂။ ရေနီမြောင်းတေးသံ ကဗျာများ ၁၉၉၉

၁၃။ ဘာသာပြန် လက်တွေ့ ၂၀၀၀

၁၄။ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁

၁၅။ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း) ၂၀၀၁

၁၆။ လူထုကဗျာ ၂၀၀၂

၁၇။ ဘာသာပြန် လက်တွေ့ (၂) ၂၀၀၂

၁၈။ ကဗျာခရီးသည် ၂၀၀၃

၁၉။ နိုင်ငံရပ်ခြား ကဗျာ ခံစားမှုစာစု ၂၀၀၃

၂၀။ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃

၂၁။ ENGLISH THE EASY WAY ၂၀၀၃

၂၂။ ENGLISH GRAMMAR FOR ALL ၂၀၀၇ 

Ref- Wikipedia

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013