DVB Logo
Home
မြန်မာသတင်း
အီးယူမြန်မာရုံးကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကန့်ကွက်ရှုတ်ချ
DVB
·
July 12, 2022
အီးယူမြန်မာရုံးကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကန့်ကွက်ရှုတ်ချ
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှုတွေ ထိထိရောက်ရောက်မလုပ်တဲ့  အီးယူမြန်မာရုံးရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ဇူလိုင် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါကြေညာချက်ပါ ဖော်ပြချက်အရ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုဟာ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုကို တောင်းဆိုနေပြီး အဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားများအဖွဲ့ချုပ် နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်တို့မှ Fashion Brands တွေအပါအဝင် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုစီးပွားရေး လုပ်ငန်းတွေ မြန်မာပြည်မှ တာဝန်သိစွာ ထွက်ခွာသွားဖို့နဲ့  EU ကော်မရှင်က မြန်မာအတွက်ပေးအပ်ထားတဲ့ GSP/EBA ကို ပြန်ရုပ်သိမ်းပေးဖို့ ၂၀၂၁ ခုနှစ် ဩဂုတ်လကစတင် တောင်းဆိုခဲ့ပြီး EU ကော်မရှင် မြန်မာရုံးနဲ့သော်လည်းကောင်း၊ အီးယူဌာနချုပ် ဘရပ်ဆဲလ်ရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လည်းကောင်း တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမား၊ ကျောင်းသား၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ အမျိုးသမီးတပ်ပေါင်းစု၊ လူငယ်တပ်ပေါင်းစု အပါအဝင်  တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ သပိတ်ကော်မတီ၊ LGBT အဖွဲ့တွေ စုစုပေါင်း ၁၈၃ ဖွဲ့တို့ကလည်း မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု (Comprehensive economics sanction) ချမှတ်ပေးဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တောင်းဆို ခဲ့ပါသေးတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်က EU ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံအား ပေးအပ်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP/EBA ကို ရုပ်သိမ်းဖို့အတွက် စုံစမ်းစစ်ဆေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုက ပြစ်တင် ထားပါတယ်။

တဖက်မှာလည်း အလုံးစုံပိတ်ဆို့အရေးယူမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမဲ့ သိန်းနဲ့ချီရှိနေတဲ့ အလုပ်လက်မဲ့ ပြဿနာကို တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းက ရှိ မနေပါဘူး။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “လုပ်အားကို အခြေခံတဲ့ အလုပ်သမား သိန်းနဲ့ချီ ရှိနေတဲ့ CMP လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမှုတွေ ရှိလာမယ်ဆိုရင် သိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်လာမယ့် အလုပ်သမားတွေအတွက် ကျနော်တို့ဆီမှာ တာဝန်ယူဖြေရှင်းပေးမယ့် ယန္တရား အဖွဲ့အစည်း ဘာတခုမျှ မရှိဘူး။ ဒါကြောင့် အဲ့လို အရေးယူမှုတွေကို ကျနော်တို့က သဘောမတူဘူး။ ဒါက စစ်ကောင်စီ ကို ထိခိုက်တယ် ဆိုတာထက် လူထုကို ပိုပြီး ထိခိုက်စေတာ။ ဒါကြောင့် လက်မခံဘူး။ ဒါပေမဲ့ ဝင်လာတဲ့ လုပ်ငန်းတွေဟာ တာဝန်ခံမှု၊တာဝန်ယူမှု ရှိစေဖို့ brand တွေ ကိုယ်တိုင်က ကိုယ်စားလှယ်တွေ ထားပြီးတော့ ဒီလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေးတွေကို လိုက်နာလာဖို့ ဒါကို တော့ ကျနော်တို့ တောင်းဆိုတယ်။ အလုံးစုံ ပိတ်ဆို့ရေးဆိုတဲ့ အပိုင်းမှာတော့ သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်လာမယ့် အလုပ်သမားတွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဌာနေ ကိုယ်စားလှယ်အား ပြောင်းလဲဖို့ အလုပ်သမားအဖွဲ့တွေက တောင်းဆိုထားတဲ့အပေါ် အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အီးယူဌာနေ ကိုယ်စားလှယ်ကို ပြန်ဖို့ တောင်းဆိုကြတယ်ပေါ့။ ဒါဆိုရင် သူတို့ EU နဲ့ မဆက်ဆံဘဲ နေပေါ့ဗျာ။ ကျနော်ပြောချင်တာက EU ဌာနေ ကိုယ်စားလှယ်ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာမှ မဟုတ်တာဗျ။ ကျနော်တို့ သိရသလောက် အဲ့ဒီ့ ဌာနေ ကိုယ်စားလှယ်မှ ပုဂ္ဂိုလ်ဟာ ကလေးတွေကို စာသွားသင်ပေးတာ၊ လမ်းပေါ် လျှောက်သွားနေတာ ဒါတွေ သူလုပ်နေတာဗျ” လို့ ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ စီးပွားရေး ချွတ်ခြုံကျမှုတို့ကြောင့် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ အလုပ်သမားသမဂ္ဂတွေဟာ အကြမ်းဖက် ဖမ်းဆီးခံနေရတဲ့အပြင် ဖြိုခွဲဖျက်ဆီးခံနေရပါတယ်။

ဒါကြောင့် လက်ရှိမှာဆိုရင် အလုပ်သမားတွေဟာ ရပိုင်ခွင့်ရှိတဲ့ အလုပ်သမားအခွင့်အရေးတွေကို ဆုံးရှုံးနေရတဲ့အပြင် လုပ်အားညှစ်ထုတ်ခိုင်းစေမှုနဲ့အတူ ခေါင်းပုံဖြတ်မှုတွေလည်း ခံစာနေကြ ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013