DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များအား ထိုင်းစစ်တပ်က အတင်းအကျပ်နေရပ်ပြန်ပို့သည့်အပေါ် ကန့်ကွက်ရှုတ်ချ
DVB
·
October 4, 2022
ကရင်စစ်ဘေးရှောင်များအား ထိုင်းစစ်တပ်က အတင်းအကျပ်နေရပ်ပြန်ပို့သည့်အပေါ် ကန့်ကွက်ရှုတ်ချ
Donate to DVB

မြန်မာစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အသက်ဘေးအန္တရာယ်ရှိနေတဲ့ကြားက ကရင်စစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့တဲ့ အပေါ် ဥရောပကရင်ကွန်ရက်က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်စစ်ဘေးဒုက္ခသည်တွေကို ပဋိက္ခဇုန်ထဲအတင်းအကျပ်ပြန်ပို့တာရပ်တန့်စေဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့  ထိုင်းအစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီး  ဆွဲဆောင်ပြောဆိုဖို့  ဥရောပကရင်ကွန်ရက်တာဝန်ရှိသူက တိုက်တွန်းပါတယ်။   

ဥရောပကရင်ကွန်ရက်ဥက္ကဋ္ဌ နန်းကြည်အေးက“ထိုင်းအစိုးရဟာ မြန်မာစစ်တပ်ရဲ့ရန်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် နှိပ်ကွပ်နေသလို တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ ထိုင်းကုမ္ပဏီတွေကလည်း မြန်မာစစ်တပ်ကို ဝင်ငွေရဖို့ ကူညီပံ့ပိုးပေးနေတယ်။ ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတွေအပါအဝင် ထိုင်းကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် ဗုံးတွေနဲ့ လက်နက်ကျည်ဆန်တွေကူညီပေးပြီး ဒုက္ခသည်တွေ ထိုင်းဘက်ကို ထွက်ပြေးလာအောင်လုပ်နေတယ်”လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းလောက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ သေဘောဘိုးကျေးရွာကနေ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို စစ်ဘေးရှောင်ခိုလှုံ ရောက်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ၊  ဆရာဆရာမတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် ၃၀၀ ဦးကို ထိုင်းစစ်တပ်နဲ့တာဝန်ရှိသူတွေက အတင်းအကျပ်နေရပ်ပြန်ခိုင်းခဲ့ပါတယ်။

နေရပ်ပြန်ခဲ့တဲ့စစ်ဘေးရှောင်တွေကို စက်လှေတွေနဲ့မြန်မာ ဘက်ခြမ်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ရာ လူပို့ပြန်လာတဲ့စက်လှေတစ်စင်းဟာ လူတင်ဆောင်လာတဲ့စက်လှေတစ်စင်းနဲ့တိုက်မိခဲ့တဲ့အတွက် စက်လှေတိမ်မှောက်ပြီး မြစ်ရေနဲ့အတူမျောပါသွားခဲ့ပေမဲ့ စစ်ဘေးရှောင်တွေ အသက်အန္တရာယ်ထိခိုက်သူတော့မရှိခဲ့ပါဘူး။

အဆိုပါ ဒုက္ခသည်တွေဟာ စက်တင်ဘာလဆန်းပိုင်းက မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေလမ်းမပေါ်မှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ထွက်ပြေးလာသူတွေဖြစ်ပြီး  ခေတ္တခိုလုံနေသူတွေ ဖြစ်ပါတယ်။

ကရင်စစ်ဘေးရှောင်ပြည်သူတွေဟာ လူသားတန်ဖိုးမရှိတဲ့ အနေအထားမျိုးနဲ့ရှင်သန်နေရသလို လူသားအခွင့်အရေးဆုံးရှုံးပြီး အသက်အန္တရာယ်နဲ့နေ့စဉ် အသက်ရှင်သန်နေရတယ်လို့ ကရင်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူကလည်း  ပြောပါတယ်။

ကရင်ဒုက္ခသည်အရေးကူညီပေးနေသူ ကရင်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူက “ဒါကတော့ အများကြီးစိုးရိမ်စရာရှိတယ်။ အသက်အန္တရာယ်လည်းရှိတယ်။ လူသားအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့မှ နေထိုင်နေရတာဖြစ်တဲ့အတွက်ကြောင့် ရေရှည်မှာတော့လူသားတစ်ယောက်လို့ အသက်ရှင်ခွင့်မရတဲ့အနေအထားတွေ ပိုပိုပြီး ဆိုးဝါးလာနိုင်တယ်။ လုံခြုံမှုနဲ့ပတ်သက်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမျိုးမှာ နေ့စဉ်အသက် ရှင်သန်နေရတယ်”လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်အနီးမှာတိုက်ပွဲတွေဖြစ်နေလို့  ထိုင်းဘက်က နယ်စပ်လုံခြုံရေးကိုတင်းကျပ်ထားပြီး အခုလို စစ်ဘေးရှောင်တွေကို လက်မခံဘဲ နေရပ်ပြန်ခိုင်းနေတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ စစ်ဘေးရှောင်တွေကို ခိုလှုံခွင့်ပေးဖို့  သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေထံ ဝိုင်းဝန်းပြီးတောင်းဆိုပေးဖို့  စစ်ဘေးရှောင် ရပ်မိရပ်ဖတစ်ယောက်က ပြောပါတယ်။

“စစ်ရှောင်နေတဲ့သူတွေကို ဒီလိုမျိုးတိုက်ပွဲဖြစ်နေတဲ့အချိန်လေးမှာ နားလည်မှုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေကို  ခိုလုံခွင့်အတွက်ဝိုင်းဝန်းပြီးတော့ တောင်းဆိုပေးဖို့ တောင်းဆိုချင်တယ်။ လက်မခံဘူးဆိုရင် ကျနော်တို့စစ်ဘေးရှောင်တွေက ဒုက္ခရောက်မှာဖြစ်သလို အခုလိုရေကြီးနေတဲ့အချိန် ဟိုဘက်ကူးလိုက်ဒီဘက်ကူးလိုက်နဲ့ အသက်အန္တရာယ်ကျရောက်မှာ စိုးတယ်။”

စက်တင်ဘာ ၃၀ ရက်  မွန်းလွဲ  ၁၂ နာရီလောက်ကစတင်ပြီး မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေလမ်းမပေါ်မှာ စစ်ကောင်စီရဲ့တပ်တွေက စခန်းကုန်းနေရာကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့တဲ့အတွက် KNLA တပ်ရင်း ၁၀၃၊ VENOM စစ်ကြောင်း၊ ဆင်ဖြူစစ်ကြောင်း၊ ကော်သူးလေပူးပေါင်းတပ်ဖွဲ့တွေနဲ့ ည ၇ နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ခဲယမ်းမလုံလောက်လို့ ထိခိုက်သူမရှိပြန်လည်ဆုတ်ခွာရာလမ်းကြောင်းတလျှောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ ယာယီခိုလှုံနေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013