DVB Logo
Home
မြန်မာသတင်း
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အတွက် NUGPay မှတဆင့် ထောက်ပံ့နိုင်
DVB
·
July 12, 2022
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အတွက် NUGPay မှတဆင့် ထောက်ပံ့နိုင်
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အတွက် ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၁ လတာတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၇၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတစ်ခုဖြစ်တာကြောင့် တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့်ပေး ကြဖို့နဲ့ တနှစ်ကျော်စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ  အချည်းနှီး မဖြစ်စေဖို့ ဆက်လက်အားထည့်ပေးဖို့ လိုအပ်ကြောင်းလည်း မေတ္တာရပ်ခံထားပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အ​နေနဲ့ ပုလဲမြို့နယ်ကို အခြေပြုထားပြီး ထိစပ်နေတဲ့ ကနီမြို့နယ်၊ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ စစ်ရေး လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် သူရဲကောင်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတာမို့ NUGPay ကတဆင့် ကူညီလှူဒါန်းနိုင်ဖို့ ထုတ်ပြန် ထားပါတယ်။

အခုလက်ရှိ အရေးပေါ်လိုအပ်မှုအနေနဲ့ ‌ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်က အထူးကွန်မန်ဒို တပ်သားအယောက် ၁၀၀ အတွက် လိုအပ်တဲ့ ပစ္စည်းတွေတပ်ဆင်ဖို့ ဒေါ်လာ ၄ သိန်း project အတွက် ပြည်တွင်းပြည်ပ ညီအကိုမောင်နှမတွေ အားဖြည့်ကူညီမှုကြောင့် ဒေါ်လာ ၁ သိန်းသာ လိုအပ်တော့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ ဖြစ် ပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံး ပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013