DVB Logo
Home
မြန်မာသတင်း
ထားဝယ်-ထီးခီး ကားလမ်း အသုံးပြုခွင့် တပတ်ပိတ်
DVB
·
July 8, 2022
ထားဝယ်-ထီးခီး ကားလမ်း အသုံးပြုခွင့် တပတ်ပိတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း ထီးခီးနယ်စပ်ဂိတ် ဆက်သွယ်ထားတဲ့ ကားလမ်းကို အသုံးပြုခွင့် တပတ်ပိတ်ထားတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်သားအသွင်ယူပြီး သွားလာနေတာကြောင့်ဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောပါတယ်။

အဲဒီကားလမ်းကို ဇူလိုင် ၅ ရက်ကနေ ၁၁ ရက်နေ့အထိ တပတ်တိတိ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ ဗိုလ်အယ်ကွီး၊ ဗိုလ်ဖိုးကွက်တို့ ဦးဆောင်တဲ့ KNDO_Special တပ်ရင်း (ထားဝယ်ခရိုင်) တို့က ဇူလိုင် ၄ ရက် နေ့စွဲနဲ့ ပူးတွဲထုတ်ပြန်ထားတာပါ။

အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး ပြောရေးဆိုခွင့်ရှိသူတဦးက “စစ်ကောင်စီတပ်နဲ့ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မလိုလားအပ်တဲ့ လုံခြုံရေးစည်းပေါက်မှုတွေ မဖြစ်ပေါ်စေဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်အောင် ထုတ်ပြန်တာပါ” လို့ ပြောပါတယ်။

ထားဝယ်-ထီး​ခီး ကားလမ်းမပေါ်နဲ့ အနီးအနားရှိ နေရာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏရှိပြီး လက်ရှိမှာလည်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိပေမဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဘက်ကတော့ ထားဝယ်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ ထီးခီးဘက်ကို ဇူလိုင် ၄ ရက်က စစ်ကား ၁၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ လောက် အင်အားဖြည့်တင်းနေတာရှိပြီး လမ်းတလျှောက် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တာ၊ နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေမွှေနှောက်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း ထားဝယ်-ထီးခီး ကားလမ်းမပေါ်မှာ KNDO_Special တပ်ရင်းနဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခလရ ၂၆၇ က ဗိုလ်ကြီးအဆင့် အပါအဝင် ၅ ယောက်သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ နယ်စပ်ဂိတ်တခုဖြစ်ကာ တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့နဲ့ ၉၇ မိုင်၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ၈၇ မိုင်ခန့်သာ ကွာဝေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013