DVB Logo
Home
မြန်မာသတင်း
Hyundai ကားစက်ရုံကို စစ်ကောင်စီက ထုတ်လုပ်ခွင့်လိုင်စင် ပါမစ်ရပ်ဆိုင်း
DVB
·
July 8, 2022
Hyundai ကားစက်ရုံကို စစ်ကောင်စီက ထုတ်လုပ်ခွင့်လိုင်စင် ပါမစ်ရပ်ဆိုင်း
Donate to DVB

ပြည်တွင်းမှာ SKD (Semi Knocked Down)စနစ်နဲ့ တပ်ဆင်ထုတ်လုပ်နေတဲ့ Hyundai  ကားစက်ရုံကို စစ်ကောင်စီက ထုတ်လုပ်ခွင့်လိုင်စင် ပါမစ် ရပ်ဆိုင်းထားတာကြောင့် ကားအရောင်းပြခန်းတွေအားလုံး အရောင်းရပ်နားထားတယ်လို့ အရောင်းတာဝန်ခံတွေက ပြောပါတယ်။

Hyundai motor dealership လိုင်စင်ရရှိထားတဲ့ အရောင်းပြခန်းတာဝန်ခံတဦးက  “အခုလောလောဆယ်မှာ ပါမစ်က ပိတ်ထားတဲ့အပြင် showroom တွေမှာလည်း လက်ကျန်ကားက မရှိလို့ အရောင်း ရပ်ထားပါတယ်။ ဘယ်တော့လောက် ပြန်ရနိုင်မလဲ ဆိုတာကတော့ မသိရသေးလို့ မပြောနိုင်သေးပါဘူး။ နောက်ဆုံး ရောင်းလိုက်တဲ့ ဈေးက Hyundai Accent အမျိုးအစား 2022 model ကို ဒေါ်လာ ၂၂,၆၀၀ ပါ။ အခုတော့ အပြင်မှာ ဘယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်လည်းတော့ မသိဘူးနော်။ ပါမစ် ပြန်ရပြီး ထုတ်လုပ်မှုတွေ ပြန်စပြီဆိုတာနဲ့ showroom တွေမှာ အရင်လို ပြန်ရောင်းပေးမှာပါ” လို့ပြောပါတယ်။

ဂျပန်ကားကုမ္ပဏီကြီး  Suzuki အမှတ်တံဆိပ် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံကလည်း ပစ္စည်းတင်သွင်းရ ခက်ခဲလာလို့ လတ်တလောမှာ ကားထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားတဲ့အကြောင်း Suzuki Myanmar Motor ကုမ္ပဏီက တရားဝင် ပြောဆိုထားပါတယ်။

ဒီအကျိုးဆက်ကြောင့် ကားဝယ်ရောင်းဈေးကွက်မှာ SKD ထုတ်ကားဈေး နဲ့ ဂျပန်(used)ကားဈေးတွေက အပြိုင်အဆိုင် ဈေးတက်လာပါတယ်။

ဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “SKD ထုတ်ဈေးကွက်ထဲမှာဆိုရင် Hyundai က Suzuki ပြီးရင် သူက ဒုတိယ လိုက်တာနော်။ Hyundai brand ထဲမှာဆိုရင် Accent နဲ့  Tuscon ဒါတွေက လူကြိုက်များတယ်။ Suzuki brand မှာဆိုရင်လည်း Ertiga နဲ့ Ciaz က လူကြိုက်များတယ်။ အဲ့လို ရှိတယ်။ ဈေးအရဆိုရင်လည်း Suzuki Ciaz  က သိန်း ၃၅၀ ပေါက်ရင် Hyundia Accent ကလည်း သိန်း ၃၄၀ နဲ့ ၃၅၀ ကြား သွားတယ်နော်။ ရန်ကုန် Q -အက္ခရာ တန်းပေါ့။ ဒါပေမဲ့ ယှဉ်ရောင်းရင်တော့ Hyundai Accent က Suzuki Ciaz ရဲ့ ဈေးနည်းနည်း အောက်မှာ ခွာပြီး ရောင်းရတယ်။ အဲ့ဒီ့ကားတွေရဲ့ စက်ရုံထုတ်ဈေးက သိန်း ၂၈၀ လောက်ဘဲ ရှိခဲ့တာ။ model ကတော့ ၂၀၂၀ ဝန်းကျင်ပေါ့နော်” လို့ ပြောပါတယ်။

ဂျပန်(used)ကားတွေကိုသာ ဝယ်ရောင်းလုပ်ကိုင်နေသူကလည်း “အခုအချိန်က ဘယ်သူ့မျှ ထုတ်မရောင်းတော့ဘူး။ ငွေလိုတဲ့ သူလောက်ဘဲ ထုတ်ရောင်းတဲ့ ပုံစံ ဖြစ်နေတာ။ ဈေးကတော့ မာတယ်နော်။ အရောင်းအဝယ်က အရမ်းကြီး သွက်တဲ့ အထဲမှာ မရှိဘူး။ ဒါပေမဲ့ အားလုံးက စောင့်ကြည့်နေတဲ့ ကာလဖြစ်နေတယ်။ ဈေးက ပြီးခဲ့တဲ့ တပတ် နဲ့ ယှဉ်ရင် ပြန်တက် လာတယ်။ အရင်က ကျပ်သိန်း ၁၈၀ ခေါ်တဲ့ကားက အခုဆိုရင် သိန်း ၁၉၀ နဲ့ ၁၉၅ အထိ ဈေးခေါ်နေကြတာ။ သူက မရောင်းရရင်လည်း နေပေါ့။ ဈေးကို နည်းနည်းဟပြီး ဖွင့်ထား လိုက်တယ်။ တကယ်လို့ အဲ့ဒီ့ဈေးနဲ့ လာဝယ်ရင် ရောင်းပေးလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါ တယ်။

ကိုရီးယားအခြေစိုက် Hyundai ကားထုတ်လုပ်ရေးကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ SKD (Semi Knocked Down)စနစ်နဲ့ လာရောက်တပ်ဆင်ထုတ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာပါ။

ထုတ်လုပ်ရေးအတွက် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန် စက်မှုဇုန်မှာ စက်ရုံတည်ထားပြီး ပြည်တွင်းဈေးကွက်အတွက် Accent ၊ Sonata ၊ Reina ၊ Creta ၊ Tuscon ၊ H-1 နဲ့ H-100 ဆိုပြီး အိမ်သုံး နဲ့ လုပ်ငန်းသုံး ယာဉ်အမျိုးအစားတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း  အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ သန်းကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013