
ယူကရိန်းနဲ့ဖြစ်နေတဲ့ စစ်ပွဲပဋိပက္ခ အဆုံးသတ်ဖို့ နီးကပ်နေပြီလို့ ထင်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောလိုက်ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ်က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်အကျပ်အတည်းကာလလိုကဲ နျူကလီးယားစစ်ပွဲဖြစ်ပွားမှာကို လူတွေ ကြောက်လန့်ခဲ့တာ ပါ။
ပူတင်က “ယူကရိန်းပဋိပက္ခက အဆုံးသတ်တော့မှာလို့ ကျနော် ထင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် တွေ့ဆုံချင်တယ်ဆိုရင် မော်စကို ကို လာလို့ရပါတယ်။ ကျနော်တို့ တွေ့ဆုံမှာပါ။ ဒီတွေ့ဆုံမှုမှာ တတိယနိုင်ငံကလည်း တွေ့ဆုံနိုင်ပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုက ကာလရှည် သမိုင်းဝင်ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုဖို့ နောက်ဆုံး စာချုပ်အဖြစ် သဘောတူညီမှုရတဲ့ အချိန်ပဲဖြစ်ရပါမယ်။ ဒီတွေ့ဆုံမှုက နောက်ဆုံးတွေ့မှုပါ”လို့ ပြောပါတယ်။
မေ ၉ ရက် ဂျာမနီကိုအနိုင်ရတဲ့ အောင်ပွဲနေ့အခမ်းအနား မီဒီယာတွေ့ဆုံမှုမှာ ပူတင်က အခုလို ပြောတာပါ။
နာဇီဂျာမနီကို ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ယူနီယံက အနိုင်ရခဲ့တဲ့ နေ့ဖြစ်ကာ အဲ့ဒီစစ်ပွဲမှာ ဆိုဗီယက်နိုင်ငံသား ၂၇ သန်း သေဆုံးခဲ့တာကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။
ယူကရိန်းကို စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားအတွက် အောင်ပွဲရဖိုတော့ ခက်ခဲနေသေးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရုရှား- ယူကရိန်းစစ်ပွဲဟာ ၄ နှစ်ကာလကို ရောက်ရှိလာပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံးစစ်ပွဲလည်း ဖြစ်ပါတယ်။
ဒီစစ်ပွဲမှာ လူသိန်းနဲ့ချီ သေဆုံးခဲ့ပြီး ယူကရိန်းနိုင်ငံလည်း ပျက်ဆီးဆုံးရှုံးခဲ့ကာ ရုရှားနိုင်ငံလည်း စစ်သုံးစရိတ် ဒေါ်လာ ၃ ထရီလီယံ ကုန်ကျခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ ဥရောပဆက်ဆံရေးကလည်း စစ်အေးခေတ်နောက်ပိုင်းမှာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပူတင်က ရုရှားဟာ တရုတ်နိုင်ငံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံဆိုင်ရာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ဘယ်လိုစာချုပ်မျိုး ချုပ်ဆိုမယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံကိုတော့ ပြောဆိုခဲ့တာမျိုး မရှိပါဘူး။ ပူတင်ဟာ မေလ နောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံကိုသွားရောက်မှာ ဖြစ်ပြီး အဲဒီခရီးစဉ်မှာ သဘောတူစာချုပ်ကို အဆုံးသတ်ဖွယ် ရှိပါတယ်။










