တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်းအမှတ် ၁ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုဖြိုးအောင်စိုး (ခ) ကိုသားငယ်လေးကို ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီထောင်တွင်းတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဖြိုးအောင်စိုးဟာ မေ ၉ ရက်နေ့က နေအိမ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရပြီးနောက် ကံပေါက်နယ်မြေရဲစခန်းနဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်မှာ စစ်ဆေးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပါတယ်။
ကိုဖြိုးအောင်စိုး ဖမ်းဆီးခံရပြီးနောက် မေ ၁၆ ရက်မှာ ကံပေါက်ရွာသား ၃ ဦး ထပ်ခေါ်ယူစစ်ဆေးခံရပြီး ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဖြိုးအောင်စိုးဟာ အရင်က သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့ဖူးသူတယောက်ဖြစ်ပြီး ဖမ်းဆီးခံရစဉ်က ဆန္ဒပြ ဘန်နာတွေနဲ့ ဆိုင်းဘုတ်တွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကိုဖြိုးအောင်စိုးကို Ngal lay facebook acc နဲ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ကိစ္စတွေ ဖြန့်ဝေနေတာကြောင့် အခုလို ဖမ်းဆီးအရေးယူခဲ့တာလို့ ဇွန်လ ၅ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လောင်းလုံမြို့နယ်၊ ဟင်းချိုတောရွာက ကိုဇင်ကိုနိုင် နဲ့ ဦးမြင့်နိုင် တို့ကိုလည်း စစ်ကောင်စီက ဝါဒဖြန့်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ အဲဒီထုန်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။