
စပိန်ဘုရင် ဖိလစ်ပီနဲ့ မိဖုရား လက်တီဇီယာတို့ဟာ အောက်တိုဘာ ၁၃ ရက်က စီယူတာမြို့မှာရှိတဲ့ မွတ်စလင်သင်္ချိုင်းကို သွားရောက်ခဲ့ကြပါတယ်။
အဲဒီသင်္ချိုင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မော်ရိုကိုဘက်ကနေ မြောက်အာဖရိကနယ်မြေထဲကို လူအမြောက်အမြား ဖြတ်ကျော်ဝင်ရောက်ရင်း သေဆုံးခဲ့ရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ မကထဲက အများစုကို မြှုပ်နှံထားတဲ့နေရာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်းနဲ့ ဘုရင်ဖိလစ်ပီရဲ့ ၁၂ နှစ်တာ နန်းစံသက်အတွင်း စပိန်နိုင်ငံတော် အကြီးအကဲတယောက်ရဲ့ ပထမဆုံး သွားရောက်မှုဖြစ်ပြီး မက်ဒရစ်နဲ့ ရာဘတ် (စပိန်နဲ့ မော်ရိုကို) အစိုးရတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာတာပါ။
မော်ရိုကိုဘက်ကတော့ စီယူတာနဲ့ စပိန်ရဲ့ တခြား မြောက်အာဖရိကနယ်မြေတခုဖြစ်တဲ့ မယ်လီလာ တို့ကို သူတို့ပိုင်နယ်မြေတွေအဖြစ် အခိုင်အမာ ပြောဆိုထားတာ ဖြစ်ပါတယ်။
စပိန်ဘုရင် ဖိလစ်ပီက မိန့်ခွန်းပြောကြားရာမှာ “စီယူတာနဲ့ မယ်လီလာဟာ စပိန်နိုင်ငံရဲ့ ခွဲခြားလို့ မရတဲ့ နိုင်ငံရေး လက်တွေ့ပိုင်နက်နယ်မြေတွေဖြစ်ပြီး ဒီနယ်မြေတွေကို ခြိမ်းခြောက်တာ မှန်သမျှ ဟာ ဥရောပသမဂ္ဂ တခုလုံးကို ခြိမ်းခြောက်တာနဲ့ အတူတူပဲ” လို့ ထပ်လောင်းပြောဆိုကာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။
စတုရန်းကီလိုမီတာ ၂၀ တောင်မရှိဘဲ လူဦးရေ ၈၄,၀၀၀ နေထိုင်တဲ့ အဲဒီနယ်မြေရဲ့ လမ်းမတွေပေါ် မှာတော့ စီယူတာမြို့ခံတွေက စပိန်အလံတွေကို လှိုင်းခတ်ဝှေ့ယမ်းရင်း စပိန်ဘုရင်နဲ့ မိဖုရားတို့စုံတွဲ ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
မော်ရိုကိုအစိုးရကတော့ ဒီမြို့ ၂ မြို့ဆီ စပိန်ဘုရင်တွေ လာရောက်လည်ပတ်မှုကို သမိုင်း အစဉ်အဆက် ကန့်ကွက်လာခဲ့တာပါ။
စပိန်ဘက်ကတော့ စီယူတာကို ၁၇ ရာစုနဲ့ မယ်လီလာကို ၁၅ ရာစုတည်းက သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Source: Reuters











