DVB Logo
Home
Lead Story
အခွင့်သာတုန်း တော်လှန်ကြစို့
DVB
·
June 30, 2022
အခွင့်သာတုန်း တော်လှန်ကြစို့
Donate to DVB
  • ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာမှ ပြည်သူနှစ်ဦးကို စစ်တပ်မှ လည်လှီးခြင်း၊ ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများကပြော (၂၂ ဇွန် ၂၀၂၂)
  • လောင်းလုံမှာ တပတ်အတွင်း ဒေသခံ ၂၀၀ ကျော် အဖမ်းခံရ ( ၂၂ ဇွန် ၂၀၂၂)
  • ပခုက္ကူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံတောင်သူတွေ စိုက်ပျိုးရေးတွေ လုပ်ဖို့အတွက် အခက်ကြုံနေရပါတယ်၊ (၂၂ ဇွန် ၂၀၂၂)
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးသည့်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထိ ရက်ပေါင်း (၅၀၆) ရက်အတွင်း စစ်တပ်ကြောင့် သေဆုံးသူ ၂,၀၀၀ ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဆို

Burma Associated Press (၂၁ ဇွန် ၂၀၂၂)

၂၄ နာရီအတွင်း ခေတ်သစ်၊ ဒီဗွီဘီ၊ RFA နဲ့ တခြားယုံကြည်ရတဲ့ သတင်းဌာနတို့က တင်ထားတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းတွေကို ဖတ်ကြည့်လိုက်ရရင်ပဲ စိတ်မချမ်းမြေ့စရာ သတင်းတွေမှန်း သိကြပါတယ်။ ဒါတောင် တနေကုန်ရတဲ့ သတင်းအကုန်လုံး မဟုတ်သေးပါဘူး။ ကျန်ရှိနေသေးတဲ့ သတင်းတွေထဲမှာ ဒီလိုသတင်းမျိုး၊ ဒီထက်ပိုဆိုးတဲ့ သတင်းမျိုး ဘယ်နှခုလောက်ပါမယ် မသိသေးပါဘူး။ တကယ်တော့ ဒီလို စိတ်မကောင်းစရာ သတင်းတွေက မြန်မာပြည်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်လို့နေပါတယ်။ တချို့ဆို သတင်းတွေထဲမှာ ပါမလာတာတွေတောင် ရှိပါသေးတယ်။ ဒီလို အနိဋ္ဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တွေဟာ အရင်တုန်းက မရှိသလောက်ပါ။ ဒီလိုအဖြစ်အပျက်တွေကို မနှစ်ကမှ စပြီးကြားရ၊ ကြုံရ‌တာပဲ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှာ နိုင်ငံအုပ်ချုပ်၊ မင်းလုပ်ချင်တဲ့ အာဏာရူး မင်းအောင်လှိုင် ဦးဆောင်သော စစ်မိစ္ဆာတသိုက်က မတရားသဖြင့် တိုင်းပြည်အာဏာကို သိမ်းခဲ့တဲ့အချိန်က စတင်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ပြည်သူ့အစိုးရကို ဖြုတ်ချ၊ ပြည်သူ့ထံက အာဏာသိမ်းပြီးကတည်းက ပြည်သူတွေမှာ နေ့စဥ်နဲ့အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ တတိုင်းပြည်လုံး ဒုက္ခရောက်ကြရတော့တာပါပဲ။ ပြည်သူမကြည်ဖြူဘဲ မတရားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်ချင်သူတွေကြောင့် ဖြစ်လာရတဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်ကို ထင်ရာစိုင်းလုပ်နေတဲ့ အုပ်ချုပ်ချင်သူတွေနဲ့ပတ်သက်ပြီး လော်ရန်ဇက်တီရဲ့ နံရံဆေးရေးပန်းချီကားကို သွားသတိရမိပါတယ်။ ပန်းချီကားအမည်က "Allegory of Good and Bad Government" ပါ။ တိုင်းပြည်အုပ်ချုပ်သူကောင်း ဟုတ်၊ မဟုတ် (ဝါ) ကောင်းမွန်တဲ့အစိုးရ၊ ဆိုးယုတ်တဲ့အစိုးရ ဖြစ်မဖြစ်နဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ပန်းချီကား ဖြစ်ပါတယ်။ ၁၄ ရာစုလောက်က ပန်းချီဆရာ အမ်ဘရိုဇီရို လော်ရန်ဇက်တီ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီပန်းချီကားထဲမှာဆိုရင် အရင်ဆုံး အစိုးရနှစ်မျိုးကို နှိုင်းယှဥ်ရေးဆွဲပြထားပါတယ်။ ပြီးမှ အဲ့ဒီ အုပ်ချုပ်သူ (ဝါ) အစိုးရ ကောင်း၊ မကောင်းပေါ် မူတည်ကာ ပြည်သူလူထုရဲ့ ဘဝအပေါ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကို ပုံဖော်ပြထားပါတယ်။ သူက အစိုးရကောင်းကို ဖော်ပြတဲ့အခါမှာ ဂုဏ်သိက္ခာရှိတဲ့ အုပ်ချုပ်သူဟာ ဝတ်ရုံတွေကို ဝတ်ထားပြီး ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ သူ့ရဲ့နံဘေးမှာတော့ သူရသတ္တိ၊ တရားမျှတမှု၊ စိတ်သဘောထားကြီးမှု၊ ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာ၊ တရားမျှတခြင်းတွေကို ကိုယ်စားပြုတဲ့ပုံတွေနဲ့ ဝန်းရံထားတယ်။ အဲ့ဒီအုပ်ချုပ်သူကို နိုင်ငံသားတွေက ဝန်းရံထားပြီး သူရဲ့လက်ကောက်ဝတ်ကို ကြိုးရှည်ရှည်နဲ့ ချိတ်ဆက်ထားပါတယ်။ သဘောကတော့ အုပ်ချုပ်သူနဲ့ ပြည်သူတွေကြားမှာ ဘယ်လောက်သဟဇာတရှိရှိ စည်းနှောင်ထားတယ်ဆိုတဲ့ သ​င်္ကတကို ထုတ်ဖော်ပြသထားတာ ဖြစ်ပါတယ်။ ညာဘက်အနည်းငယ်ကို ထပ်ကြည့်လိုက်မယ်ဆိုရင် အစိုးရကောင်းရဲ့ အကျိုးသက်ရောက်မှုတွေကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီ ကောင်းကျိုးသက်ရောက်မှုတွေဟာ မြို့ပြနဲ့ ကျေးလက်တွေမှာ ဘယ်လိုဖြစ်ပေါ်သလဲ ဆိုတာကိုပါ ရေးဆွဲထားပါတယ်။ ပထမဆုံး မြို့ကိုကြည့်လိုက်မယ်ဆိုရင် မြို့ဟာ တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာနေတယ်။ မြို့သူမြို့သားတွေ အဆင်ပြေပြေ အလုပ်လုပ်နေကြတာ၊ ကုန်သည်တွေရဲ့ အဆင်ပြေချောမွေ့‌စွာ အရောင်းအဝယ် လုပ်နေတာတွေ၊ မှူးမတ်တွေက မြင်းကောင်း၊ မြင်းလှတွေကို စီးနေတာတွေကို တွေ့ရမယ်။ မြိုရဲ့တနေရာမှာ အကအုပ်စုက သူတို့ရဲ့လက်တွေကို ချိတ်ဆက်ပြီး ဝိုင်းပတ်နေကြတယ်။ မြို့တံခါးကိုကျော်ပြီး ကျေးလက်ကိုကြည့်လိုက်မယ် ဆိုရင်လည်း အဝတ်အစားကောင်း ဝတ်ထားတဲ့ အမျိုးသမီးတဦးက အမဲလိုက်နေတယ်။ မြင်းကုန်းနှီးပေါ်မှာ ဆူဖြိုးတဲ့ ဝက်တကောင်ကိုတင်ပြီး စျေးကိုသွားတယ်။ လယ်သမားတွေကလည်း မြေကြီးကို ထွန်ယက်စိုက်ပျိုး​နေပြီး ကောက်ပဲသီးနှံတွေကို ရိတ်နေတယ်။ နောက် အသေအချာ ဂရုစိုက်ကြည့်မယ်ဆိုရင် အလံတခုမှာ 'ဘာမှကြောက်ရွံ့ထိတ်လန့်စရာမလိုဘဲ လွတ်လပ်စွာ ခရီးသွားနိုင်တယ်၊ ကောက်ကျစ်တဲ့အာဏာကို ဆွဲခွာထားတဲ့ အချုပ်အခြာပိုင် အမျိုးသမီးကြီးကို လူမှုအသိုင်းအဝိုင်းက ထိန်းသိမ်းထားနိုင်သမျှ ကာလပတ်လုံး လူတိုင်းက ကိုယ် ထွန်ယက်စိုက်ပျိုးထားသမျှကို ရိတ်သိမ်းနိုင်တယ်' လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အစိုးရဆိုးနဲ့ ပတ်သက်ရင်တော့ ဆန့်ကျင်ဘက်တွေပေါ့။ ဆိုးသွမ်းယုတ်မာတဲ့ အုပ်ချုပ်သူတွေနဲ့ ပတ်သက်ပြီး ဖော်ပြရာမှာ အဲ့ဒီ မကောင်းဆိုးဝါးအုပ်စိုးသူ ဘေးနားမှာ အလိုလောဘတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မာန်မာနတွေနဲ့ ဝန်းရံထားတယ်။ မြို့ဟာ စစ်တပ်ရဲ့ အုပ်စိုးမှုအောက်ကို ကျရောက်သွားပြီး ပြည်သူများဟာလည်း နေ့စဉ်နေ့တိုင်းလိုလို အဲ့ဒီစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်၊ ညှဉ်းပန်းခံနေရတယ်။ သီးနှံစိုက်ပျိုး အသက်မွေးရတဲ့ ကျေးလက်လယ်သမားတွေဟာလည်း မကောင်းဆိုးဝါးသဖွယ် ပြုမူနေတဲ့ စစ်တပ်တွေရဲ့ ဖျက်ဆီးချေမှုန်းမှုကို ခံနေရတယ်။ ကြောက်ရွံ့မှုအရုပ်ကနေ ပြောနေတာကလည်း 'ဒီနိုင်ငံမှာ တရားမျှတမှုဆိုတာ ဆိုးညစ်တဲ့အရာ ဖြစ်လာတယ်၊ တိုင်းသူပြည်သား ဘယ်သူမဆို သူ့အသက်အိုးအိမ်စည်းစိမ်အတွက် အမြဲလိုလို ခြိမ်း‌ခြောက်ခံနေ၊ ကြောက်ရွံ့နေနေရတယ်။ မြို့တွင်း မြို့ပြင် နှစ်ခုစလုံးမှာလည်း ခိုးဆိုးလုယက်မှုတွေ ရှိနေတယ်' လို့ ပြထားပါတယ်။

ဒါကတော့ လော်ရန်ဇက်တီရဲ့ Allegory of Good and Bad Government ပန်းချီကားအကြောင်း အကျဉ်းဖော်ပြလိုက်တာပါ။ အခု တိုင်းပြည်ကို အုပ်ချုပ်ချင်နေတဲ့ စစ်အာဏာရှင် မိစ္ဆာတွေဟာလည်း ဒီပန်းချီကားထဲကအတိုင်းပဲ ဖြစ်ပါတယ်။ သူတို့မှာ အုပ်ချုပ်သူကောင်းရဲ့ အရည်အချင်းတွေ တစက်မှမရှိဘဲ ဆန့်ကျင်ဘက်အနေနဲ့ ဆိုးသွမ်းယုတ်မာသူတွေရဲ့ စရိုက်လက္ခဏာတွေ အပြည့်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီထက်တောင် ပိုပါဦးမယ်။ သူတို့အာဏာသိမ်းလိုက်တဲ့အတွက် ပြည်သူတွေမှာ ဘာတွေရလိုက်သလဲဆိုရင် ဆင်းရဲဒုက္ခတွေကိုပဲ ထိုးပြရမှာ ဖြစ်ပါတယ်။ မြို့ပြမှာဆိုရင်လည်း မိုးလင်းလို့ မျက်စိဖွင့်လိုက်ကတည်းက အလုပ်အကိုင်ရှားပါးမှု၊ တစတစ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်း၊ စက်သုံးဆီစျေးနှုန်းတို့အပြင် လုယက်မှု၊ ဓားပြမှု၊ ဖမ်းဆီးစစ်ဆေးမှု ဆိုတာတွေကိုလည်း မတွေ့ချင်အဆုံး ကြုံတွေ့နေရပါတယ်။ လော်ရန်ဇက်တီ ပန်းချီကားထဲက ဆိုးယုတ်တဲ့အုပ်ချုပ်သူအပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း စစ်တပ်ဟာ မြို့ရော တောက ပြည်သူတွေကို နေ့စဥ်နဲ့အမျှ ဖမ်းဆီးသတ်ဖြတ်နေပါတော့တယ်။ ကျေးရွာပြည်သူတွေမှာ အဲ့ဒီစစ်တပ်​ကြောင့် ပြန်စရာရွာ၊ နေစရာအိမ်တောင် မရှိကြတော့ဘူး မဟုတ်ပါလား။

ဒါတောင် ဒီလိုဆိုးယုတ်တဲ့ အုပ်ချုပ်သူတွေ တိုင်းပြည်ကို အဓမ္မအုပ်ချုပ်ဖို့ ကြိုးစားတာ တနှစ်ကျော်ပဲ ရှိပါသေးတယ်။ ဒီတနှစ်ကျော်အတွင်း လူထောင်ပေါင်းများစွာ အသတ်ခံရ၊ နေအိမ်တွေ သောင်းဂဏန်းလောက် မီးရှို့ခံခဲ့ရပါပြီ။ ဘဝပျက်သွားတဲ့ ပြည်သူတွေလည်း မနည်းမနော ဖြစ်သွားပါတယ်။ သူတို့အနေနဲ့ တိုင်းပြည်ကို အပြည့်အဝ အုပ်ချုပ်နေနိုင်သေးတာ မဟုတ်ပါဘူး။ သူတို့ကို ဆန့်ကျင်တော်လှန်​နေသူတွေ ရှိ‌နေသေးတာကြောင့် ဖြစ်ပါတယ်။ အကယ်၍ ဒီကောင်တွေသာ အပြည့်အဝ အုပ်ချုပ်ခွင့်ရသွားမယ်ဆိုရင် တိုင်းပြည်အတွက်ရော၊ ပြည်သူတွေအတွက်ပါ ဒီထက်မက စုတ်ပြတ်သွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ဒါကြောင့် ဒီလိုစုတ်ပဲ့၊ ရက်စက်တဲ့ အုပ်ချုပ်နေသူတွေကို အခွင့်အရေးရ​နေတုန်း တော်လှန်ကြမှ ဖြစ်ပါမယ်။ ဒီလိုအခွင့်သာတုန်းမှ မတွန်းလှန်ခဲ့ရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ရော၊ ပြည်သူတွေရဲ့ အနာဂတ်ပါ ရေတိမ်နစ်ဖို့ပဲ ရှိပါတော့တယ်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013