DVB Logo
Home
Lead Story
ရေဆုံး မြေဆုံး အလိုက်ခံရမယ့် မြန်မာဂျီနိုဆိုက် စစ်ရာဇဝတ်ကောင်များ
DVB
·
June 30, 2022
ရေဆုံး မြေဆုံး အလိုက်ခံရမယ့် မြန်မာဂျီနိုဆိုက် စစ်ရာဇဝတ်ကောင်များ
Donate to DVB

ဒီက‌နေ့ မြန်မာနိုင်ငံမှာ လူ့အသက်ကို သတ်ရတာ၊ ပြည်သူလူထုကို သတ်ဖြတ်ရတာကို အရသာခံပြောပြီး ကျေနပ်အားရ ဂုဏ်ယူတတ်တဲ့ အောက်တန်းစား စိတ္တဇလူယုတ်မာ စစ်မိစ္ဆာအုပ်စုတစု‌ ရှိတာကို နိုင်ငံတွင်းသာမက တကမ္ဘာလုံး မျက်ဝါးထင်ထင် တွေ့ခဲ့ရပါပြီ။

ဒါဟာ စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးလိုက်တဲ့ ထွက်ကုန် အဆိပ်သီး အဆိပ်နှံတွေပဲ ဖြစ်ပါတယ်။ စစ်အခွင့်ထူးခံ တိရစ္ဆာန်တွေ ကျူးလွန်ခဲ့ကြတဲ့ လူသတ်၊ မီးရှို့၊ ဓားပြတိုက်၊ မုဒိမ်းကျင့် စတဲ့ ပြည်သူလူထုအ‌ပေါ် စိတ်တိုင်းကျ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်က ကင်းလွတ်ခွင့်ပေးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ရှိလာတာမို့ ပိုလို့ လက်ရဲဇက်ရဲ ကျူးလွန်လာကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ စစ်အကြမ်းဖက်ကောင်စီမှ မဟုတ်ဘူး၊ သူတို့ရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့တွေကတောင် ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်လာကြပါတယ်။  ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ PNO တပ်ဖွဲ့ဝင် ထွက်ကောဝိ ဆိုသူက  ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာနေ အသက် (၂၂) နှစ်အရွယ် နန်းခမ်းအွမ်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။

ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီနဲ့ နောက်လိုက် လက်ပါးစေတွေဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို စိတ်ထင်တိုင်း ကျူးလွန်ပြီး ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူမှု မလုပ်ဘဲ အပြစ်က ကင်းလွတ်ခွင့် ပေးထားတာဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခွင့် ပေးထားတာဖြစ်လို့ စစ်အာဏာရှင်စနစ်ရှိနေသ၍ အများပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထာဝစဉ်ခြိမ်းခြောက်နေတဲ့ သဘောပါပဲ။

ဒီနေရာမှာ ကြားဖြတ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်အကြောင်း အနည်းငယ် ရေးပြချင်ပါတယ်။ ၁၉၄၆ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ (UN) ညီလာခံကနေ ဒီလို လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်တွေကို ရာဇဝတ်မှုတခုအဖြစ် စတင်သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး လူသားအချင်းချင်း လူမျိုးတုံးသတ်ဖြတ်ခြင်း တားမြစ်ချက်ကို နိုင်ငံတကာဥပဒေအရ ခြွင်းချက်မရှိ လိုက်နာရမယ့် စံတရပ်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။

ဒီလို လူသားမျိုးနွယ်အ‌ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်မလဲဆိုတာ သတ်မှတ်ဖို့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို ၁၉၄၈ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။

ဂျီနိုဆိုက်ကွန်ဗန်းရှင်း အပိုဒ် (၂) ပြဋ္ဌာန်းချက်အရဆိုရင် လူမျိုးတုံး ဖျောက်ဖျက်မှုဆိုတာဟာ-

၁) မျိုးနွယ်စုတစုရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်းသာမကဘဲ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်အောင်လုပ်တာ၊

၂) မျိုးနွယ်စု လူ့အဖွဲ့အစည်းတရပ်ကို အလုံးစုံပဲဖြစ်စေ၊ တစိတ်တပိုင်းပဲဖြစ်စေ ဘဝရပ်တည်ချက် အခြေအနေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်စေတာ၊

၃)  မျိုးနွယ်စုတရပ်အတွင်း လူ့ဖြစ်တည်မှု မွေးဖွားမှုတွေကို တားမြစ်ပိတ်ပင်တာ၊

၄) မျိုးနွယ်စုတရပ်က ကလေးငယ်တွေကို တခြားလူ့အဖွဲ့အစည်းတခုဆီ အင်အားသုံး ပြောင်းရွှေ့တာ စတာတွေဖြစ်ပါတယ်။

ဂျီနိုဆိုက်ကွန်ဗန်းရှင်း အပိုဒ် (၃) ပြဋ္ဌာန်းချက်အရ- 

၁) မျိုးနွယ်စုတခုခုကို မျိုးတုံးသတ်ဖြတ်သူတွေ

၂) မျိုးနွယ်စုတခုကို ဖျောက်ဖျက်ဖို့ လျှို့ဝှက်ကြံစည်သူ

၃) ဂျီနိုဆိုက် ကျူးလွန်နိုင်ဖို့ သွေးထိုးလှုံ့ဆော်သူ

၄) ဂျီနိုဆိုက်ဖြစ်အောင် ကြိုးပမ်းအားထုတ်သူ

၅) ဂျီနိုဆိုက် ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်သူတွေအားလုံးဟာ ပြစ်ဒဏ်ထိုက်တဲ့ ကျူးလွန်သူတွေပါပဲ။

ထပ်ရှင်းအောင်ပြောရရင် အရင်က ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားနိုင်ငံဘက် ရောက်အောင် အင်အားသုံးပြီး အဓမ္မ ရွှေ့ပြောင်းခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ဒီကနေ့ စစ်အကြမ်းဖက်ကောင်စီဩဇာခံ ဖက်ဆစ်ဓားပြတပ်နဲ့ ပျူစောထီး၊ မဘသမျိုးညစ်တွေက စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယားပြည်နယ်တွေက ပြည်သူလူထုကို မီးရှို့၊ လူသတ်၊ ဓားပြတိုက် လုယက်ပြီး အဓမ္မ နေရပ်စွန့်ခွာစေမှု၊ အဓမ္မရွှေ့ပြောင်းမှု စတာတွေအားလုံးဟာ စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ ဂျီနိုဆိုက် လုပ်ရပ်တွေချည်းပါပဲ။

အဲဒီလို ဂျီနိုဆိုက်ပြစ်မှုကြီးတွေကို ကျူးလွန်သူ တရားခံတွေသာမက ကျူးလွန်မှုကို မတားဆီးသူတွေ ကျူးလွန်သူတွေကို အကာအကွယ်ပေးနေသူတွေအထိ အကျုံးဝင်ပါတယ်။

ဒါကြောင့် အမျိုးဘာသာ သာသနာယောင်ယောင် မျိုးညစ် ဘာသာညစ် လူပုဂ္ဂိုလ် သင်္ကန်းဝတ်တွေသာမက လူသတ် သာသနာပြုထိုက်တယ်ဆိုတဲ့ ဂျီနိုဆိုက်အားပေးတဲ့ စကားတခွန်း ကာတွန်းတကွက် စာတပုဒ်ရေးသူအထိ ဂျီနိုဆိုက်ကို အားပေးလှုံ့ဆော်သူတွေပါပဲ။ ခပ်ရှင်းရှင်းပြောရရင် မဲလိမ်တာကို အကြောင်းပြုပြီး အာဏာသိမ်း လူသတ်ပွဲကို ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုခဲ့ကြတဲ့ သီတဂူ၊ ဆေကိန္ဒဘုန်းကြီးဆိုသူတွေ မဘသတွေအားလုံးဟာ ရာဇဝတ်မှုမျိုးကို လက်ခံထားတဲ့ အဖွဲ့အစည်းတခုလုံးမှာ တာဝန်ရှိပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ခုံရုံးတင်ခံရမှာ ကြောက်တဲ့ နာဇီ ဂျာမနီခေါင်းဆောင် အဓိပတိကြီး အဒေါ့ဟစ်တလာ၊ ဟိန်းနရစ်ချ် ဟင်းမလား၊ ဂျိုးဇက်ဂိုဘဲလ် စတဲ့ ထိပ်သီးသုံးဦးဟာ စစ်ရှုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြပါတယ်။ ကျန်တဲ့ နာဇီခေါင်းဆောင်တွေထဲက တာဝန်အရှိဆုံး စစ်ရာဇဝတ်ကောင် ၂၃ ဦးကို နုရင်ဘတ်စစ်ခုံရုံးတင်လို့ ပထမအသုတ်နေနဲ့ ၁၉၄၅ နိုဝင်ဘာ ၂၀ မှ ၁၉၄၆ အောက်တိုဘာ ၁ ရက်ထိ စစ်ဆေးခဲ့ကြပါတယ်။

စီရင်ချက်ချတဲ့အခါ တရားခံ ၁၂ ဦးကို ကြိုးပေးကွပ်မျက်တဲ့သေဒဏ် ချမှတ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ နာဇီစစ်တရားခံ ဟာမန်း ဂိုအာရင်းကတော့ ကြိုးမပေးခင်မှာ ဆိုင်ရာနိုက်အဆိပ် သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ တခြား ကျန်တဲ့တရားခံ ၃ ဦးကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၄ ဦးကို ၁၀ နှစ်မှ နှစ် ၂၀ အတွင်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

ပထမအသုတ်လောက် အပြစ်မကြီးတဲ့ နာဇီစစ်တရားခံ‌ ဒုတိယအသုတ်ကိုတောင် အမေရိကန် ဦးဆောင်ပြီး နုရင်ဘတ်ခုံရုံးဆက်တင်ပြီး အပြစ်ပေးခဲ့ကြပါတယ်။

ရာဇဝတ်ဘေးက ပြေးမလွတ်ဘူး ဆိုတာကို သက်သေပြဖို့  ဂျာမနီအာဏာရှင် ဟစ်တလာရဲ့ ဂျူးလူမျိုး ၆ သန်းကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဂျီနိုဆိုက်အမှုမှာ တာဝန်ရှိတဲ့ အိုက်ခမန်းဟာ ကမ္ဘာစစ်ကြီးအပြီး နာဇီစစ်တရားခံတွေကို နုရင်ဘတ်ခုံရုံးနဲ့ တရားစီရင်ချိန်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပျောက်ဆုံးနေခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးထောက်လှမ်းရေးတွေနဲ့ ဂျူးရေးရာကောင်စီတို့ရဲ့ ရေဆုံးမြေဆုံး စုံစမ်းထောက်လှမ်းမှုတွေနဲ့ ၁၅ နှစ်လောက်အကြာ ၁၉၆၀ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံထဲ ပုန်းခိုဇာတ်မြှုပ်နေတဲ့ အိုက်ခမန်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးအပြစ်‌ပေးနိုင်ခဲ့ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကနေ ယနေ့အချိန်ထိ လူသတ် မုဒိမ်း ဓားပြလိုင်စင်ယူပြီး ခွင့်မလွှတ်ထိုက်တဲ့ ပြစ်မှုကုဋေကုဋာ ကျူးလွန်ခဲ့ကြပြီး တာဝန်မခံရဲဘဲ အပြစ်က ထွက်‌ပြေးလွတ်မြောက်နေကြတဲ့ စစ်အခွင့်ထူးခံ မ‌ကောင်းဆိုးဝါးတွေ၊ ဂျီနိုဆိုက် စစ်ရာဇဝတ်ကောင်တွေဟာ သူတို့ မကြာခင် ရှုံးနိမ့်တဲ့အခါ နာဇီစစ်တရားခံတွေလို ပုန်းနိုင်သ‌လောက် ပုန်းကြ‌‌ဦးမှာပါ။ ဒါပေမဲ့ အသည်းနာနေကြတဲ့ မြန်မာပြည်သူ‌တွေ စီရင်မယ့် လူထုခုံရုံးလက်ကတော့ ရေဆုံးမြေဆုံး ကမ္ဘာတဖက်မှာ ပုန်းနေဦး အလွတ်ရုန်းဖို့ လွတ်လမ်းမမြင်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013