DVB Logo
Home
မြန်မာသတင်း
ဥကရစ်ထတပ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများ
DVB
·
June 30, 2022
ဥကရစ်ထတပ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ  စစ်ကောင်စီတပ်ရဲ့  ဥကရစ်ထ ခြေကုပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို KNDO ကော်ဘရာစစ်ကြောင်းက ဇွန် ၂၉ ရက် ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်မှူးစလုံးက ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၂၆ ရက်ကတည်းက စတင်လာခဲ့တဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံး များပြားနေပြီး စစ်ကောင်စီတပ်က ဝေါလေ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးနေသလို လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ကပါ ထပ်မံစစ်ကူပေးဖို့ လုပ်ဆောင်လာတဲ့အတွက် KNDO ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်မှူးစလုံးက “ကြားဖြတ်တိုက်ခိုက်တာ ဟုတ်တယ်။ ဗိုလ်ဒဘောတို့အဖွဲ့က ကြားဖြတ်တိုက်ခိုက်တာ။ စစ်ကောင်စီက ဘယ်လောက်ကျလဲဆိုတာ နယ်မြေတွေက ရှင်းလင်းလို့ မကုန်သေးလို့ ပြောပြလို့မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းကို စစ်ကူလာရောက်ပူးပေါင်းတဲ့ အင်အား ၁၀၀ လောက်ရှိပြီး မနေ့ည ၉ နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မြေပြင်မှာရှိတဲ့ KNDO သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လမ်းမကြီးအတိုင်း တက်လာတဲ့အတွက် KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်ရာမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ  ၅၀ ထက်မနည်း ရှိနိုင်ပြီး  လက်နက်တွေလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDO တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး တပ်စခန်းနေရာအတော်အများများကို သိမ်းယူထားနိုင်ခဲ့ပြီး ကျန်ရှိတဲ့နေရာတချို့မှာလည်း စစ်ကောင်စီတပ်သားတွေ ဝိုင်းပတ်ပိတ်ဆို့ခံနေရသလို မြေပြင် စစ်ကူမလာရောက်နိုင်အောင်လည်း KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းအားလုံး ပိတ်ဆို့ထားပါတယ်။

နောက်ဆုံးအဆင့် လက်နက်ကြီးကုန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့သာ ကျန်ရှိတော့တယ်လို့ မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDO စစ်ကြောင်းမှူးထံက သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း တပ်စခန်းမကျရေးအတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး Cluster Bomb ခေါ် ထပ်ဆင့်ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဇွန် ၃၀ ရက် ဒီနေ့မနက် ၈ နာရီလောက်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၅ ကြိမ်ထက်မနည်းရှိပြီး Cluster Bomb ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သလို ကင်းထောက်လေယာဉ်ပျံသန်းမှုကလည်း ဆက်တိုက် လုပ်ဆောင်လာတယ်လို့ KNDO သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ကွင်းပြင်နဲ့ တောစပ်တွေမှာ တိမ်းရှောင်နေရတဲ့အတွက် လေယာဉ်သံကြားတိုင်း စိုးရိမ်ကြောက်လန့်နေရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းကို ဇွန် ၂၆ ရက်ကစလို့ အကြိမ်ကြိမ် တိုက်ခိုက်ခံနေရပြီး စခန်းရှိ အရာရှိ၊ စစ်သည်တွေရဲ့ တန်ပြန်ခုခံပစ်ခတ်မှုကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ PDF နဲ့ KNLA တပ်ဖွဲ့တွေ အကျအဆုံးများစွာနဲ့ စတင်ဆုတ်ခွာ ထွက်ပြေးနေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ ပေးနေသလို ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်းကို မြေပြင်ချိတ်ဆက်မှု ရရှိနိုင်ရေးနဲ့ တန်ပြန်ပိတ်ဆို့ချေမှုန်းနိုင်ရေး စစ်ကြောင်းတွေ ချီတက်နေရာမှာ စခန်းအနီး ရောက်ရှိနေပြီလို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပေမဲ့ စစ်ကောင်စီတပ်တွေ အများအပြား သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဖုံးကွယ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013