DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မဆက်နိုင်သေး
DVB
·
June 29, 2022
စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မဆက်နိုင်သေး
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အဖွဲ့ ၈ ဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ရှေ့မဆက်နိုင်သေးဘဲရှိနေပြီး စာရင်းပေးထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်  (SSPP/SSA)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့ နှစ်ဖွဲ့ဟာလည်း  ဆက်လက်ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ နည်းသွားပြီလို့  အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတွဆီကနေ သိရပါတယ်။

တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် ၁၀ ဖွဲ့  ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့   စစ်ကောင်စီက ထုတ်ပြန်ပေမယ့် လက်ရှိမှာတော့ ၈ ဖွဲ့နဲ့သာ ဆွေးနွေးနိုင်သေးသလို ကျန် ၂ ဖွဲ့နဲ့ ဆွေးနွေးဖို့ကလည်း မရေမရာ အခြေနေဖြစ်နေတာပါ။ 

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပပြီး သူသမ္မတဖြစ်ရေးအတွက် ရည်မှန်းဖော်ဆောင်နေတာကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတွေက ဝိုင်းဝန်းပံပို့ပေးတာဖြစ်လို့ အခုဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အကျိုးစီးပွားသက်သက်ဆွေးနွေးပွဲဖြစ်တယ်လို့  နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP/SSA)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့စစ်ကောင်စီနဲ့ ဆွေးနွေးသည်ဖြစ်စေ မဆွေးနွေးသည်ဖြစ်စေ မြန်မာနိုင်ငံငြိမ်းချမ်းရေးအပေါ် ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့လည်း   ဦးသန်းစိုးနိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP/SSA)တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်ခင်မှာ စစ်တပ်ဘက်က (SSPP/SSA) ရဲ့ တပ်စခန်းတချို့ကို ဆုတ်ခွါပေးဖို့ ပြောဆိုမှုအပေါ် နှစ်ဖက်တင်းမာမှုရှိခဲ့ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုက မသေချာတော့တဲ့အခြေနေဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ 

(SSPP/SSA) ကတော့ စစ်ကောင်စီက ဆုတ်ခိုင်းတဲ့ တပ်စခန်းနေရာတွေကို ဆုတ်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုသလို စစ်တပ်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ပြန်တိုက်ဖို့ စစ်ရေးပြင်ဆင်မှု အသင့်အနေထားရှိတယ်လို့ ထုတ်ပြန်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အခြေနေက ဖြစ်နိုင်ခြေနည်းသွားပြီလို့ အမည်မဖော်လိုတဲ့ (SSPP/SSA) အရာရှိကဒီဗွီဘီကိုပြောပါတယ်။

လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အနေနဲ့လည်း စစ်ကောင်စီဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မယ့်ကိစ္စနဲ့ပတ်သတ်ပြီး အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အဲဒီဆွေးနွေးပွဲကို တက်မှာမဟုတ်ဘူးလို့ သတင်းတွေထွက်လာပါတယ်။

ဒါနဲ့ပတ်သက်ပြီး လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အတွင်းရေးမှူးဗိုလ်မှူးကြီးဆော်လမွန်ကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူအနေနဲ့ ဘာမှမသိဘူးလို့ ဖြေဆိုခဲ့ပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တဲ့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့ ဝေဖန်ပြစ်တင်တာခံနေရပြီး ဆွေးနွေးတဲ့အဖွဲ့တွေထဲမှာ SSPP/SSA တဖွဲ့သာ စစ်တပ်နဲ့စစ်ရေးတင်းမာတဲ့အဖွဲ့ဖြစ်ပြီး ကျန်အဖွဲ့တွေက စစ်တပ်နဲ့ စစ်မဖြစ်တာနှစ်ပေါင်း ၃၀ ကျော်နေပြီလို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်သေးသူတွေ တက်ရောက်ဖို့  ထပ်ကမ်းလှမ်းထားပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ပေးဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုလက်ခံပြီး နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၈ ဖွဲ့ကတော့   ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)နဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013