DVB Logo
Home
Lead Story
တော်လှန်ရေးအောင်မြင်ဖို့ ရေသာခိုစိတ်ဓာတ် ဖယ်ရှားစို့
DVB
·
June 27, 2022
တော်လှန်ရေးအောင်မြင်ဖို့ ရေသာခိုစိတ်ဓာတ် ဖယ်ရှားစို့
Donate to DVB

အခုချိန်မှာ ပုံပြင်လေးတပုဒ်ကို ပြန်သတိရမိတယ်။ အားလုံးလည်း ကြားဖူးကြမယ် ထင်ပါတယ်။ ဇာတ်လမ်းလေးကတော့ .......

တခါတုန်းက အာဖရိကရွာတရွာမှာ ရွာအကြီးအကဲပုဂ္ဂိုလ်က သူ့ရွာသူရွာသားတွေကို သူ့အိမ်မှာ ဧည့်ခံပွဲတခုလုပ်ပေးပြီး တွေ့ဆုံဖို့ စိတ်ကူးရသတဲ့။ ဒီ ဧည့်ခံပွဲလုပ်တဲ့အခါမှာ “စုပေါင်းညီညွတ်ခြင်းရှိရင် ပျော်ရွှင်မှုရနိုင်ကြောင်း” ရည်ညွှန်းတဲ့ အစီအစဥ်တခု ထည့်သွင်းဖို့လည်း အကြံရတယ်။ ရွာအကြီးအကဲ ထည့်သွင်းလိုတဲ့ အစီအစဥ်က ဘယ်လိုလဲဆိုတော့.... မိမိအိမ် ဧည့်ခံပွဲကို ရွာသားတွေ တက်ရောက်ဖို့ လာတဲ့အခါမှာ ရွာသားတဦးလျှင် ထန်းရည်တအိုး ယူခဲ့ရမယ်။ ရောက်တဲ့အခါ အိမ်ရဲ့ရှေ့မှာ အသင့်တည်ထားတဲ့ အိုးကြီးထဲကို ယူလာတဲ့ထန်းရည်ကို လောင်းထည့်ခဲ့ရမယ်။ ရွာသားတွေနဲ့တွေ့ဆုံပြီး ပြောစရာ ဆိုစရာတွေကို ပြောပြီးရင် ဒီအိုးကြီးထဲက ထန်းရည်တွေကို ရွာသားတွေနဲ့ တပျော်တပါး စုပေါင်းထန်းရည်သောက်ပွဲ လုပ်မယ်ဆိုတဲ့ အစီအစဥ်ပဲ။

ဒါနဲ့ အဲဒီအစီအစဥ်တိုင်း ရွာသားတွေကို ဖိတ်ဖို့ ရွာအကြီးအကဲက သူ့တပည့်တွေကို လွှတ်လိုက်တယ်။ ချိန်းဆိုထားတဲ့ရက်မှာ ရွာသားတွေဟာ ထန်းရည်အိုးကိုယ်စီနဲ့ လာခဲ့ကြတယ်။ ရွာအကြီးအကဲရဲ့အိမ်ကိုရောက်တော့ အစီအစဥ်အတိုင်း အိမ်ရှေ့က အိုးကြီးထဲကို ထန်းရည်တွေ လောင်းထည့်ကြတယ်။

ဒါပေမဲ့ ရွာသားတဦးကတော့ ဧည့်ခံပွဲကို သွားချင်ပေမဲ့ ထန်းရည်မရှိဘူး ဖြစ်နေတယ်။ သူ့မိန်းမက သူ့ကို တခြားမှာ ထန်းရည်သွားဝယ်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ သူက မဝယ်ချင်ဘူး။ သူက စဥ်းစားတယ်။ “ရွာသားတွေ.... အများကြီး အဲ့ဒီအိုးကြီးထဲကို ထန်းရည်တွေ လောင်းထည့်ကြမှာပဲ။ ဒီလောက်များတဲ့ ထန်းရည်တွေထဲမှာ ရေတအိုးလောက် ထည့်လိုက်ရုံနဲ့တော့ ထန်းရည်အရသာ မပျက်နိုင်ပါဘူး” စဥ်းစားတယ်။ “ငါတော့ အိုးထဲကို ရေတွေပဲ ထည့်ယူသွားမယ်။ ဟိုရောက်တော့ အိုးကြီးထဲကို မသိမသာ လောင်းထည့်လိုက်တာပေါ့” လို့လည်း ကြံတယ်။ ဒီလိုကြံပြီး အိုးတလုံးထဲမှာ ရေတွေထည့်၊ ထည့်ပြီးတော့ ဧည့်ခံပွဲဆီ ထွက်လာခဲ့တယ်။ အကြီးအကဲရဲ့အိမ်ကိုရောက်တော့ အိမ်ရှေ့က အိုးကြီးထဲကို ဟန်နဲ့ပန်နဲ့ သူများတွေနဲ့ရောပြီး သူ့အိုးထဲကရေတွေကို လောင်းထည့်လိုက်တယ်။ သူလုပ်ပုံတွေ သူများမသိဘူးလို့ထင်ပြီး ကျေနပ်နေမှာပါပဲ။

ဒီလို ရေတွေလောင်းထည့်ပြီး တခြားရွာသားတွေနဲ့ ရောယောင်ထိုင်ပြီး အကြီးအကဲပြောတဲ့ စကားတွေကို နားထောင်နေတယ်။ ပြောစရာ ဆိုစရာတွေ ပြီးဆုံးတဲ့အခါမှာ ရွာအကြီးအကဲက “ကြွရောက်လာကြတဲ့ ပရိသတ်များခင်ဗျား၊ အိုးကြီးထဲက ထန်းရည်တွေကို တပျော်တပါး သောက်ကြစို့” လို့ ပြောလိုက်တယ်။ စောစောက ရွာသားဟာလည်း ကိုယ်တိုင် ထန်းရည်ယူမလာပေမဲ့ သူများတွေယူလာတဲ့ ထန်းရည်ကို အချောင် ငါသောက်ရတော့မှာပဲဆိုပြီး ပါးစပ်တပြင်ပြင် ဖြစ်နေတယ်။ ဒါနဲ့ ရွာသားတွေ အိုးကြီးနားသွားကြပြီး ထန်းရည်သောက်ကြဖို့ ခွက်တွေနဲ့ အိုးကြီးထဲနှိုက်ပြီး ခပ်လိုက်ကြတော့ အိုးကြီးထဲမှာ အားလုံး ရေတွေချည်းဖြစ်နေတာ တွေ့ရတယ်တဲ့။ ဒီတော့မှ ရေ​တွေယူလာပြီး လောင်းထည့်ခဲ့တဲ့ရွာသားက “အင်း.... ငါလိုလူတွေ အများကြီးပါလား” လို့ စဥ်းစားမိသတဲ့။

မကြာမီရက်ပိုင်းအတွင်းက NUG ယာယီသမ္မတကိုယ်တိုင် စစ်ရှိန်မြှင့်မယ့်အကြောင်း ပြည်သူကို သတင်းစကား မှာကြားထားပြီး ဖြစ်သည်။ ထိုနည်းတူ မြေပြင်တွင် ဦးဆောင်ဦးရွက် တိုက်ပွဲဝင်နေသော KNU ကိုယ်တိုင်ကလည်း ခုခံစစ်မှ ထိုးစစ်အသွင် ​ပြောင်းတော့မည့်အကြောင်း ပြောကြားထားသည်။ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်များ ကိုယ်တိုင်ကလည်း မိမိတို့စစ်ဒေသ အသီးသီးတွင် စစ်ရှိန်မြှင့်ကာ တိုက်ပွဲဝင်လျက်ရှိသည်။ ယခုဆိုလျှင် မိုးတွင်းကာလ ရောက်ရှိလာပြီ။ လေကြောင်းစစ်ကူမပါလျှင် ရှေ့တန်းမထွက်ရဲတော့သော စစ်မိစ္ဆာများအတွက် အခက်ကြုံတော့မည့်ကာလသို့ ရောက်ရှိလာချေပြီ။ မိုးရာသီသည် စစ်မိစ္ဆာတို့၏ လေကြောင်းပစ်ကူကို ကောင်းစွာဟန့်တားပေးနိုင်မည်။ တခြားရာသီများမှာတောင် မိုင်းဆွဲခံရ၊ အလစ်အငိုက် တိုက်ခိုက်ခံရကာ အတုံးအရုံး သေနေကြသည့် စစ်မိစ္ဆာများအတွက် မိုးတွင်းကာလသည် သွေးချောင်းစီးမည့် ကာလတခု ဖြစ်လာချေတော့မည်။

သို့စစ်ရှိန်မြှင့်လာသည်နှင့်အမျှ အခြားတဖက်တွင် စစ်ရေးလိုအပ်ချက်ကလည်း များစွာလိုအပ်လာသည်။ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ယခင်ကလို ခုခံစစ်အဆင့်တွင် မကတော့။ ဒီထက် တဆင့်မြှင့်ပြီး ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲကြပေတော့မည် မဟုတ်ပါလား။ စခန်းသိမ်းတိုက်ပွဲများ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် လူအင်အား၊ လက်နက်ခဲယမ်းအင်အား များစွာလိုသည်။ ထိုးစစ်သည် ခုခံစစ်ထက် အစစအရာရာ ပိုကုန်ကျသည်။ ထို့အတွက် ငွေကြေးများစွာ လိုအပ်တော့မည်။

နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည်။ ထို့ကြောင့် အစစအရာရာ ပြည်သူကို ဗဟိုပြုရသည်။ ပြည်သူ့အားကို ယူရသည်။ သို့နှင့်အမျှ စစ်ရေးအရှိန်မြှင့်လာတော့မည့် အနေအထားအတွက် ပြည်သူပါဝင်လှူဒါန်းအားကလည်း မုချလိုအပ်လာပေမည်။ ပြည်သူများကြားတွင် အချို့က ယခုလိုအခြေအနေများကို နားလည်သည်၊ သိသည်။ စစ်အာဏာရှင်စနစ်ကိုလည်း မလိုလား။ သို့တိုင် လက်တွေ့ပါဝင်ဖို့တော့ တွန့်ဆုတ်နေကြသူများ ရှိကြသည်။ စစ်မြေပြင်ထွက်စရာမလို၊ သပိတ်ထွက်စရာမလို။ အိမ်ထဲတွင်နေကာ တရက်ကို နာရီဝက်လောက် ကလစ်ရမှာကိုပင် သူတို့က ဝန်လေးနေကြသည်။ ငါမလုပ်လည်း တခြားသူက တော်လှန်ရေးလုပ်ကြမှာပဲဆိုကာ ခပ်ပေါ့ပေါ့ တွေးထင်နေကြသည်။ ဒါက ကောင်းသည့်လက္ခဏာမဟုတ်ပါ။ ယခုလို တွေးနေသူတွေ များ​နေလျှင် တော်လှန်ရေးအောင်မြင်ဖို့ နှောင့်နှေးသွားလိမ့်မည်။ စစ်ရှိန်မြှင့်တော့မည့်အချိန် ရောက်ကာမှ ယခုလို တွေးတောနေထိုင်ကြမည်ဆိုလျှင် ပုံပြင်ထဲကလို လိုရာပြည့်တော့မည်မဟုတ်။

ထို့အတွက်ကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော မည်သူမဆို မခိုမကပ်ကြဘဲ ကလစ်ခြင်းကဲ့သို့ ကိုယ်တတ်နိုင်သည့် ကိစ္စများမှာတော့ တာဝန်ကျေဖို့ လိုအပ်ပါသည်။ အသက်များ၊ ဘဝများ ရင်းနှီးပြီး ဆင်နွှဲနေရသော တော်လှန်ရေးကြီး ပြီးဆုံးစေရန်ဆိုလျှင် မိမိတို့တဦးချင်းစီတွင် ရေသာခိုချင်သည့်စိတ်ဓာတ်တို့ ပယ်ဖျောက်ထားဖို့ လိုအပ်လှပေသည်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013