DVB Logo
Home
မြန်မာသတင်း
အလင်းဝင်သည့်သတင်း စစ်ကောင်စီ ဝါဒဖြန့်ခြင်းဖြစ်ဟု ကလေး PDF ပြော
DVB
·
June 24, 2022
အလင်းဝင်သည့်သတင်း စစ်ကောင်စီ ဝါဒဖြန့်ခြင်းဖြစ်ဟု ကလေး PDF ပြော
Donate to DVB

ကလေး PDF တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းဟာ စစ်တပ်က ဝါဒဖြန့်တာသာဖြစ်ပြီး မိမိတို့ ကလေး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီထံ အလင်းဝင်သွားမှာမဟုတ်ဘဲ စစ်အာဏာရှင်ကိုသာ အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇွန် ၂၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ပြစ်မှုကျူးလွန်မှုမရှိဘဲ အလင်းဝင်ရောက်လာတဲ့ PDF သင်တန်းဆင်းတွေကို မိဘအုပ်ထိန်းသူထံ လွှဲပြောင်း လက်ခံတဲ့ အခမ်းအနား အောင်ဆန်းခန်းမှာ ပြုလုပ်ခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ အလင်းဝင်အသိအမှတ်ပြုကတ်ပြားတွေ၊ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကလေး PDF တွေ အလင်းဝင်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ဟာ စစ်ကောင်စီက ဝါဒဖြန့်ထားတာသာဖြစ်ပြီး အလင်းဝင်တဲ့ဖြစ်စဉ် ဒီနေ့အထိ မရှိသေးကြောင်း၊ ပြည်သူတွေနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေအကြား သွေးခွဲတာသာဖြစ်ပြီး ကလေး PDF တွေအနေနဲ့ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမှာဖြစ်တယ်လို့ ရဲ‌ဘော် ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

ကလေးအမှတ် ၁ တပ်ရင်းမှ ရဲဘော်နေ့သစ်ကလည်း “ကျနော်တို့ ကလေး PDF တွေ အလင်းဝင်တာမရှိဘူး။ PDF ထဲ ဝင်ကတည်းကစ အစစအရာရာ အကုန်စွန့်လွှတ်ခဲ့ပြီးသားမို့ အလင်းဝင်ဖို့မရှိဘူး။ ရှေ့ဆက်ပြီး တော်လှန်ရေးတွေကို ဆက်လုပ်သွားမယ်။ NUG ရဲ့ ညွှန်ကြားမှုလက်အောက်ကနေ ကလေးနယ်မှာ တော်လှန်ရေးအရှိန်အဟုန် မြှင့်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မပြုကြဖို့ ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးရာလမ်းကြောင်းတလျှောက် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက က‌လေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၄ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ကလေးနယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။

လတ်‌တလော ကလေးနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့တာ မပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့လည်း ကလေးပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013