DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ စိုးရိမ်ပူပန်နေ
DVB
·
June 24, 2022
ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ စိုးရိမ်ပူပန်နေ
Donate to DVB

အာဏာသိမ်းဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေအိမ်ကနေ သီးခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေက စိုးရိမ်ပူပန်နေကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ လျှို့ဝှက်အိမ်နေအိမ်ကနေ ပြောင်းရွှေ့ခဲ့ရပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့ကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက်က သီးခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။ နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့တရားခွင်တွေကို အဲဒီအကျဉ်းထောင်ဝင်းအတွင်းမှာပဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သီးခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ် ခိုင်မာတည်ကြည်လျက်ရှိကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

“သူက အရင်လို စိတ်ဓာတ်ခိုင်မာနေတုန်းပဲ၊ ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံ သူက တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နေကြပါ” လို့ AFP ရဲ့ သတင်းရစ်မြစ်က ပြောပါတယ်။

အခုအကျဉ်းထောင်ကို ရွှေ့ပြောင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူ့ရဲ့ခွေးနဲ့ ဝန်ထမ်းတွေ ပါမလာတော့ဘဲ အကျဉ်းထောင်ပတ်လည်မှာ လုံခြုံရေးကို အရင်ကထက် တင်းတင်းကျပ်ကျပ် ချထားကြောင်း အခြေအနေကိုသိတဲ့ နောက်ထပ်ရင်းမြစ်တခုက ပြောပါတယ်။ 

အကျဉ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဝန်ထမ်း ၃ ဦးထားပေးမှာဖြစ်ပြီး အဲဒီ ၃ ဦးဟာ အကျဉ်းထောင်ဝန်ထမ်းတွေ ဖြစ်မလား၊ အကျဉ်းကျခံနေရသူတွေထဲက ဖြစ်မလား ဆိုတာတော့ မသိရပါဘူး။

နိုင်ငံတကာအဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဇွန်လ ၂၃ ရက်နေ့ ကုလသမဂ္ဂရုံးချုပ်မှာ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဟာ မီဒီယာနဲ့ စကားပြောခွင့်တားမြစ်ခံထားရပြီး သတင်းသမားတွေကိုလည်း သူ့ရဲ့ တရားခွင်မှာ သွားရောက်သတင်းယူခွင့်တားမြစ်ခံထားရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုတွေကိုလည်း စစ်ကောင်စီက ပယ်ချလျက်ရှိပါတယ်။

“စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးတော့ ဒဏ်ခတ်အပြစ်ပေးမယ့်ဘက်ကို ရည်ရွယ်ပြီးသွားနေတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံအားပေးသူတွေကို ခြိမ်းခြောက်ဖို့ သိသိသာသာကြီးကို ကြိုးစားနေကြတာပဲ” လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေအဖွဲ့ (HRW) ရဲ့ အာရှဒေသ ဒုတိယ ဒါရိုက်တာ Phil Robertson က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင် စစ်အာဏာရှင်လက်ထက်မှာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရပြီး ဖြစ်သလို ၂၀၀၉ ခုနှစ်တုန်းကလည်း နေအိမ် အကျယ်ချုပ်ကျနေစဉ်အတွင်း အင်းလျားကန်ထဲကနေ ရေကူးပြီး သူ့ရဲ့နေအိမ်မှာ လာတွေ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံတွေ့ဆုံမှုနဲ့ တရားစွဲဆိုစဉ်ကာလအတွင်း အင်းစိန် အကျဉ်းထောင်မှာ ၃ လ နေခဲ့ရပါသေးတယ်။ ‘

အခုတခေါက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက် ခြစားမှု၊ စစ်တပ်ဆန့်ကျင်ရေး လှုံ့ဆော်မှု၊ ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်မှုနဲ့ ဆက်သွယ်ရေးဥပဒေဖောက်ဖျက်မှုတို့အတွက် စစ်ကောင်စီရဲ့တရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ စစ်ကောင်စီနဲ့ သံတမန်ရေးအရ ညှိနှိုင်းဖို့ ကြိုးစားမှုဟာလည်း အရာမထင်ဖြစ်နေပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်က အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုမိုဖိအားပေးဖို့ ဇွန်လ ၂၃ ရက် နေ့က တိုက်တွန်းထားပါတယ်။

“ကျနော်တို့ အချိန်ကြာကြာ စောင့်လေလေ၊ ထိရောက်တဲ့ဆောင်ရွက်မှု မရှိလေလေ၊ မြန်မာနိုင်ငံက လူတွေပိုပြီးတော့ သေလေ၊ ခံစားရလေ ဖြစ်နေမှာပဲ။”

အကျဉ်းထောင်ကို မပြောင်းရွှေ့မီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခွေးအပါအဝင် ဝန်ထမ်းအနည်းငယ်နဲ့အတူ နေပြည်တော်က လျှို့ဝှက်နေအိမ်မှာ ထိန်းသိမ်းခံထားရတာပါ။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်နေရပြီး တရားရုံးကို သွားတဲ့အချိန်ကလွဲရင် ကျန်အချိန်တွေကို အဲဒီအိမ်ထဲမှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေအားလုံး အပြစ်ရှိတယ်လို့ အမိန့်ချမယ်ဆိုရင် ထောင်ဒဏ် နှစ် ၁၅၀ အထိ ခံယူရနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013