DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှု ဆက်လက် စစ်ဆေး
DVB
·
June 23, 2022
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှု ဆက်လက် စစ်ဆေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်တွင်း တရားရုံးမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုအတွက် ဇွန် ၂၃ ရက်က ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဟာ အန်အယ်လ်ဒီ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်နဲ့ အတိုင်ပင်ခံတို့ကို အဓိကစွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နေရာကို စစ်ကောင်စီက လျှို့ဝှက်ခဲ့တာပါ။ 

အထူးတရားရုံးတည်ရှိရာ နေရာကိုလည်း စစ်ကောင်စီက လျှို့ဝှက်ထားခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ လုံခြုံရေးစည်း ပေါက်လာနိုင်တဲ့အတွက် စစ်ကောင်စီက အတိုင်ပင်ခံကို အချုပ်ထောင်ဝန်းထဲကို နေရာရွှေ့ပြောင်းထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) က ခန့်မှန်းပါတယ်။

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဂုဏ်သိက္ခာချဖို့၊ နိုင်ငံရေးစင်မြင့်ပေါ်က ဆွဲချဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ထောင်တွင်းတရားရုံးကို ပြောင်းစစ်တာ၊ တရားစွဲဆို ထောင်ဒဏ်ချမှတ်တာတွေ ပြုလုပ်နေတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ဒီလိုလုပ်ရပ်မျိုးကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကလည်း ပြုလုပ်ခဲ့ဖူးပြီး သူတို့က အဲ့ဒီလိုလုပ်လေ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီး လေးစားချစ်ခင်လေသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အတိုင်ပင်ခံကို စစ်ကောင်စီက လက်ရှိအချိန်အထိ အမှုပေါင်း ၂၀ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အတိုင်ပင်ခံက ဥပဒေနဲ့အညီ အမှုတွေကို ရင်ဆိုင်ခဲ့ပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီလက်အောက်မှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ လုံးဝပျက်စီးသွားပြီဖြစ်တဲ့အတွက် ဥပဒေရေးရာအရ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာ ပြောလို့မရတော့ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအမြင်အရ ကြည့်ရင်တော့ အတိုင်ပင်ခံကိုယ်တိုင်က စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM နဲ့ သပိတ်မှောက်သင့်နေပြီလို့ ဥပဒေကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။

နေပြည်တော်အကျဉ်းထောင်ဝန်းထဲမှာ အတိုင်ပင်ခံနဲ့ သမ္မတတို့ကိုထားဖို့ အဆောက်အဦသစ် တည်ဆောက်ထားပြီး အသစ်တည်ဆောက်ထားတဲ့ အကျဉ်းထောင်တွင်း တရားရုံးမှာ အမှုတွေကို ဆက်လက်စစ်ဆေးသွားဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာပါ။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အထိရှိလာပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ လက်ကျန် ၁၄ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ် ထောင်ဒဏ် အနှစ် ၁၈၀ ကျော် ၂၀၀ နီးပါး အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013