DVB Logo
Home
မြန်မာသတင်း
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ ကုန်သွယ်ရေးဆွေးနွေးမှုတွင် မြန်မာကြောင့် နှောင့်နှေးနေသဖြင့် အဖွဲ့ ၉ နိုင်ငံသာ ဆွေးနွေးဆုံးဖြတ်ရန် မလေးရှားတိုက်တွန်း
DVB
·
June 21, 2022
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ ကုန်သွယ်ရေးဆွေးနွေးမှုတွင် မြန်မာကြောင့် နှောင့်နှေးနေသဖြင့် အဖွဲ့ ၉ နိုင်ငံသာ ဆွေးနွေးဆုံးဖြတ်ရန် မလေးရှားတိုက်တွန်း
Donate to DVB

အာဆီယံနဲ့ တခြာစီးပွားရေးမိတ်ဖက်နိုင်ငံတွေအကြား ကုန်သွယ်ရေးဆွေးနွေးမှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြောင့် နှောင့်နှေး ကြံ့ကြာ မှုတွေကြုံနေရတယ်လို့   မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောပါတယ်။ 

အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီကို သွားရောက်ခဲ့တဲ့  မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားခဲ့တာလို့  မလေးရှားအခြေစိုက် Bernama သတင်းမှာ ဖော်ပြပါတယ်။

အာဆီယံနဲ့ မိတ်ဘက်နိုင်ငံတွေကြားမှာ သဘောတူညီချက်တခုချမှတ်ဖို့အတွက် အာဆီယံ ၁၀ နိုင်ငံလုံးပါဝင်ဆွေးနွေးပြီး သဘောတူရမယ့်မူ ရှိတာကြောင့် အဖွဲ့ဝင်တစ်နိုင်ငံက လွတ်နေရင် ဆုံးဖြတ်ချက်ဖို့ အတွက် နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ရာနှုန်းပြည့်အာဆီယံအဖွဲ့ဝင်အဖြစ် မပါဝင်နိုင်သေးတဲ့ အခုအနေအထားမှာ လက်ရှိ ၉ နိုင်ငံကပဲ ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ပြီး ၉ နိုင်ငံ သဘောတူဆုံးဖြတ်ချက်ချနိုင်ဖို့ ဆာဆီယံအနေနဲ့ စဉ်းစားဖို့လိုပြီလို့ ဆိုင်ဖူဒင်က တိုက်တွန်းထားပါတယ်။

“အာဆီယံနဲ့ မိတ်ဘက်နိုင်ငံတွေကြားမှာ သဘောတူညီမှု လက်မှတ်ရေးထိုးတော့မယ့် အချိန်ရောက်ရင် မြန်မာနိုင်ငံက အာဆီယံကို နောက်ပြန်ဆွဲထားလို့ မဖြစ်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က ဒီအတိုင်းလုပ်မှဖြစ်မလား၊ မြန်မာကို ဆက်ထားမယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေရှိလာမလဲ ဆိုတာတွေကို သေသေချာချာ စဉ်းစားဖို့လိုတယ်”လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

“တနိုင်ငံက လက်မှတ်ထိုးလို့မရတာနဲ့ ကျန်တဲ့ ကိုးနိုင်ငံကပါလက်မှတ်ထိုးလို့ မရဘူးဆိုတော့ ကျနော်တို့က ဥရောပသမဂ္ဂနိုင်ငံတွေရော တခြားဆွေးနွေးမှုတွေလုပ်နေတဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ပါ အာဆီယံရဲ့ ကုန်သွယ်ရေး ပိုတိုးတက်လာစေမယ့် သဘောတူညီချက်ကို လက်မှတ်ထိုးလို့မရဘဲ ကျန်တဲ့ ကိုးနိုင်ငံအတွက် မမျှတတော့ဘူးလို့   Bernama သတင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အရိပ်အယောင်မမြင်ရသေးတာအပေါ်မှာလည်း မလေးရှားအနေနဲ့ စိတ်ပျက်မိကြောင်း ဆိုင်ဖူဒင်က “လူတွေ အသတ်ခံနေရတုန်းပဲ၊ ပြည်တွင်းက နေရပ်စွန့်ခွာဒုက္ခသည်တွေ ထောက်ပံ့ကူညီမှုတွေမရဘူး၊ မလေးရှားကို ထွက်ပြေးလာတဲ့သူတွေလည်း ပိုမိုများလာတယ်”လို့  ဆိုင်ဖူဒင်က ပြောပါတယ်။

ဒီနှစ် နယူးဒေလီမြို့မှာကျင်းပတဲ့  အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ခွင့်မပြုဘဲ ကျင်းပခဲ့ကြပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့ကလည်း ဇွန်လ ၁၆ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့  ပတ်သက်ပြီး မလေးရှားဝန်ကြီး ဆိုင်ဖူဒင်က “ကျနော်တို့ ဆွေးနွေးတဲ့ အကြောင်းက မြန်မာ့အရေးတစ်ခုတည်းပဲ၊ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မတွေ့ရတဲ့အကြောင်းကို ကျနော်ထောက်ပြခဲ့ပါတယ်”လို့  မလေးရှားသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ အခုလကုန်မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်ဖို့ရှိပြီး သွားတဲ့အခါ NUG နဲ့ NUCC အပါအဝင် အဖွဲ့တွေအားလုံးနဲ့ တွေ့ဖို့လည်း ဝန်ကြီးဆိုင်ဖူဒင်က တိုက်တွန်းထားပါတယ်။

အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကို ဖိတ်ဖို့ အစီအစဉ်မရှိသေးကြောင်း၊ ဒါပေမဲ့ တခြားအစည်းအဝေးတွေအတွက်ကတော့ နှစ်ဖွဲ့ကွဲနေကြောင်း၊ တချို့လည်း မြန်မာကို ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာပါ မဖိတ်ချင်ကြောင်း၊  တချို့ကလည်း ပုံမှန်လိုပဲ ပါစေချင်ကြောင်း မလေးရှားဝန်ကြီးက ပြောပါတယ်။

ဇွန်လ ၂၂ ရက်မှာ ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွက်လည်း မလေးရှားနဲ့ တချို့အဖွဲ့ဝင်တွေက  မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးကို  မပါဝင်စေချင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

အာဆီယံရဲ့ ကြိုးပမ်းမှုက မြန်မာနိုင်ငံမှာ မျှော်လင့်တဲ့အဖြေထွက်မလာစေခဲ့ရင် နိုင်ငံတကာက ဖိအားပေးမှုတွေ ပိုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကပါ ပါဝင်ဖိအားပေးသင့်ကြောင်း၊ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံတို့ဟာ မြန်မာရဲ့ အိမ်နီးချင်းတွေဖြစ်ပြီး အားလုံးမှာတာဝန်ရှိကြောင်း Bernama  နဲ့ အင်တာဗျူးမှာ ဝန်ကြီးဆိုင်ဖူဒင်က ပြောခဲ့ပါတယ်။

Ref-Bernama

Photo-Saifuddin Abdullah

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013