DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂတာဝန်ရှိသူများ၏ပြောကြားချက် စစ်ကောင်စီ အပြင်းအထန်ကန့်ကွက်
DVB
·
June 18, 2022
ကုလသမဂ္ဂတာဝန်ရှိသူများ၏ပြောကြားချက် စစ်ကောင်စီ အပြင်းအထန်ကန့်ကွက်
1 / 2
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂတာဝန်ရှိသူတွေရဲ့ပြောကြား အစီရင်ခံချက်တွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဇွန် ၁၃ ရက် နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ပြောဆိုချက်နဲ့  ဂျနီဗာမှာ ဇွန်လ ၁၄ ရက်က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ  မဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်တို့ရဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ကန့်ကွက်ပယ်ချလိုက်တာဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေ ဆိုးဝါးစွာကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တဝက်လောက်က  နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်းနဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄  သန်း  လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ အထူးကိုယ်စားလှယ်နိုလင်းဟေဇာ   ပြောကြားခဲ့တာပါ။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံက သဘောမတူညီနိုင်တဲ့ အကြောင်းအရာများစွာရှိပြီး မြေပြင် အခြေအနေနဲ့ အလွန်ကင်းကွာနေကြောင်း အဆိုပါ ၁၄ ဒသမ ၄ သန်းအနက် ၁၃ ဒသမ ၃ သန်းဟာ နေရပ်စွန့်ခွာသူတွေ မဟုတ်သကဲ့သို့ ထိခိုက်ခံစားနေရသူတွေလည်း မဟုတ်ဘဲ မြို့နေပြည်သူတွေသာဖြစ်တယ်၊ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာတုံ့ပြန်ရေး အစီအစဉ် (၂၀၂၂ခုနှစ်)မှာ ချဲ့ကားထားတဲ့ ကိန်းဂဏန်းတွေနဲ့ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ကို တောင်းခံထားပြီး ဒါဟာအရင်နှစ်ကထက် ၄ ဆပိုများတယ်လို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။

မေလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှံသူ ကျောင်းသူ/သား စုစုပေါင်း ၅ ဒသမ ၂ သန်း ကျောင်းအပ်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းကျော်ရှိချိန်မှာ အထူးကိုယ်စားလှယ်ရဲ့ ကိုးကားပြောကြား ချက်ဟာ အမှန်တရားနဲ့ လုံးဝ ကင်းကွာကာ အများပြည်သူကို အထင်အမြင် လွဲမှားစေတယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ တချို့နိုင်ငံတွေဟာ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တဲ့ မိန့်ခွန်းတွေပြောခဲ့ပြီး မြေပြင်အခြေအနေမှန်ကို သိရှိနားလည်ခြင်းမရှိဘဲ၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ တစ်ဖက်သတ် ပြောကြားချက်တွေဟာဘာ အဖြေမှမထွက်ဘဲအစိုးရ လုပ်ငန်းတာဝန်ကိုသာ အနှောင့်အယှက်ဖြစ်စေလို့  မြန်မာနိုင်ငံက လက်ခံနိုင်ခြင်းမရှိဘူးလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ဦးကျော်မိုးထွန်းကို  တက်ရောက် မိန့်ခွန်းပြောကြားခွင့်ပြုတဲ့အပေါ်လည်း စစ်ကောင်စီက ကုလသဂ္ဂရုံးကို ကန့်ကွက်ကြောင်းမှတ်တမ်းတင်ပေးပို့ခဲ့တယ်လို့လည်းဆိုပါတယ်။

ကုလသမဂ္ဂညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြစ်မဲ့မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့  မြန်မာစစ်တပ်အား လက်နက်တင်ပို့ရောင်းချမှု တားဆီးပေးဖို့  တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီ လက်ထောက်ကိုယ်စားလှယ် နစ်ခ်ဟေးလ်ကတော့ မြန်မာစစ်အာဏာရှင်ဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေကို စတေးနေတဲ့အကြောင်းနဲ့  အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေရဲ့ ဘဝဟာ ပိုမို အန္တရာယ်များလာနေတယ်လို့  ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ တားဆီးပိတ်ဆို့မှု မလုပ်ဖို့၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့နဲ့ ရေရှည်တည်မြဲမယ့် နိုင်ငံရေးအဖြေဖော်ဆောင်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေဆောင်ရွက်သွားဖို့ ယူကေနိုင်ငံရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ကကလည်း ကုလညီလာခံမှာ တိုက်တွန်းပြောကြားသွားပါတယ်။

ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန် ၁၃  ရက်မှ ဇူလိုင် ၈ ရက်အထိကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာတော့  မဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်က  မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာပါ။ 

“အခုလာမယ့် ဩဂုတ်လမှာဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာမူဆလင် ၁ သန်းကျော်ကို သူ့တို့ရဲ့ အိမ်တွေကနေစွန့်ခွာထွက်ပြေးရအောင် မြန်မာစစ်တပ်ကနေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာ ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာမူစလင်တွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ သွားရောက်ခိုလှုံနေခဲ့ကြရပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှု တွေကြောင့် လူနည်းစု တိုင်ရင်းသားအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေမှာ အိမ်ယာဆုံးရှုံးမှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဖြစ်စဉ်တွေ ပိုများလာခဲ့ပါတယ်။”လို့ မဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂရဲ့ မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူးစ်နဲ့  လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဌာနလက်အောက်ခံ ဂျနီဗာရှိ  မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဇွန်လ ၁၆ ရက်မှာ ကန့်ကွက် ငြင်းဆို ထုတ်ပြန်ထားပါတယ်။

အထူးအစီရင်ခံစာတင်သွင်းသူဟာ သူတို့ပေးပို့ခဲ့တဲ့ အချက်တွေကို မဖော်ပြခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။ 

ကုလအစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း အင်တာနက်ကန့်သတ်ချက်တွေရှိတယ်လို့ ဖော်ပြထားတဲ့အပေါ် CRPH၊ NUG နဲ့ PDF တို့က ဆက်သွယ်ရေးတာဝါတိုင် ၁၂၄၀ နဲ့ ဖိုင်ဘာအော့တစ် ကြိုးတွေကို ဖျက်ဆီးခဲ့တယ်လို့  ပြည်သူ ၁ သန်းခွဲလောက် ဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုတယ်။ 

တကယ်တော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးချင်းမှာပဲ တနိုင်ငံလုံးကို အင်တာနက်ဖြတ်တောက်ခဲ့သလို အဲဒီအချိန်ကနေ အခုအထိ လူအများသုံးကြတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းဌာနတွေအပါအဝင် တခြားအင်တာနက် ဝက်ဘ်ဆိုက် အများအပြားကိုလည်း ကြည့်ရှုလို့မရအောင် ပိတ်ဆို့ထားပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံပြောဆိုချက်တွေဟာ  မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘဲ ချဲ့ကားထားတဲ့ ကိန်းဂဏန်းတွေ၊ သိမ်းကျုံးစွပ်စွဲချက်တွေနဲ့ နိုင်ငံရေး သွတ်သွင်းတွေ ပါဝင်ကြောင်းတွေ့ရှိလို့ မြန်မာနိုင်ငံအနေနဲ့ လက်မခံဘဲ ပယ်ချတယ်လို့ စစ်ကောင်စီအမြဲတမ်းကိုယ်စားလှယ်ရုံးက တုံ့ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013