DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 17, 2022
မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာလမ်းတလျှောက် စစ်ကြောင်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဇွန် ၁၆ ရက် တရက်တည်းမှာပဲ နေရာ ၃ နေရာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ပထမအကြိမ်အဖြစ် မြင်းမူမြို့နယ် နပဲကြူးဇရပ်နဲ့ ကန်ဖျားဇရပ်ကျေးရွာကြားမှာ ဇွန် ၁၆ ရက် မနက် ၁၁ နာရီက စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ကနေ ထွက်ခွာလာတဲ့ စက်သေနတ်တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Moe Nyo Revolation Force မှ တာဝန်ရှိသူက "လမ်းမှာ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်။ အဲ့ဒီကြားထဲက မိုင်း ၈ လုံးဆင်ပြီး ရအောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားကတော့ စုတ်ပြတ်သတ်သွားပြီး အတွင်းထဲက ကားမောင်းသူနဲ့ နောက်ကပါလာတဲ့ နှစ်ကောင်လည်း လွှင့်စင်သွားတာ တွေ့ရတယ်" လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Moe Nyo Revolation Force၊ Pentagram ငါးထောင့်ကြယ်၊ People Revolution Force၊ People's Guerillas Commando - Myinmu ညီနောင် ၄ ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယအကြိမ်အနေနဲ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ မုံရွာကနေ စစ်ကိုင်းကို ဦးတည်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအပြည့်ပါ ကား ၅ စီးနဲ့ ရိက္ခာတင်တွဲကား ၂ စီးတို့ကို မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနဲ့ ဂွေးပင်တောကျေးရွာကြားမှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ပထမကားနှစ်စီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

တတိယအကြိမ်အနေနဲ့ အဲ့ဒီစစ်ယာဉ်တန်းကိုပဲ အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ မိုင်း ၆ လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ရာမှာတော့ ဒုတိယ‌မြောက်ကားနဲ့ တတိယမြောက်ကားကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Black Eagle Defence Force တာဝန်ရှိသူက "နေရာခွဲပြီး တိုက်ခိုက်ကြတာပါ။ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ အထိအခိုက် အကျအဆုံးများနိုင်တယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းအုပ်စုက ခွဲတာ နှစ်ကြိမ်မှာ နှစ်နေရာလုံးထိတယ်။ သူတို့ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် တစုံတရာ မရှိခဲ့ပါဘူး။ လောလောဆယ် ရန်သူ့ဘက်က အသေအပျောက်စာရင်း အတိအကျကိုတော့ စုံစမ်းနေဆဲပါ" လို့ ပြောပါတယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တိုက်ခိုက်မှုကိုတော့ Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People's Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF (မြင်းမူ)၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့) နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကုန်တင်ကား ၆ စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးနဲ့ ပြောက်ကျားတပ်ဖွဲ့တွေက အဖွဲ့ခွဲကာ ၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013