DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပသည့် ၁၀ တန်းစာမေးပွဲအောင်စာရင်း မနက်ဖြန်ထုတ်ပြန်မည်
DVB
·
June 16, 2022
စစ်ကောင်စီကျင်းပသည့် ၁၀ တန်းစာမေးပွဲအောင်စာရင်း မနက်ဖြန်ထုတ်ပြန်မည်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မနက်ဖြန် ဇွန် ၁၇ ရက်မှာ ထုတ်ပြန်သွားဖို့ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မနက်ဖြန်မနက် ၄ နာရီကစလို့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်ကတဆင့် ကြည့်ရှုနိုင်မယ်လို့ ကြေညာထားသလို သက်ဆိုင်ရာ မြို့နယ်တွေက စာစစ်ဌာနတွေမှာလည်း ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ စာမေးပွဲကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကနေ  ဧပြီ ၉ ရက်အထိ နိုင်ငံတဝန်း အခြေခံပညာ ကျောင်းတွေမှာရှိတဲ့ စာစစ်ဌာနတွေမှာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ဖြေဆိုသူ ၄ သောင်းခွဲကျော်နဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄ သောင်းကျော်နဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ၃သောင်း ၇ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမယ့် နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။

အခုစစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူအများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီ စီစဉ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု အလေးပြု ဂုဏ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောထားပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦးကြေညာချက်ထုတ်ပြန်ထားကာ စစ်အာဏာသိမ်းကာလအတွင်း ပညာရေးနောက်မကျစေဖို့အတွက် NUG အစိုးရအနေနဲ့ "ကြားကာလပညာရေး" အစီအစဉ်တွေ ဆောင်ရွက်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်မယ့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက တက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတွေက ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြီးတဲ့နောက် မေလ ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့  အဝေးသင်သင်တန်းတွေ အားလုံးကိုဖွင့်လှစ်ဖို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013