Home
မြန်မာသတင်း
အရပ်သားပြည်သူအပေါ် တိုက်ခိုက်ခဲ့သူများအား ကရင်နီပြည်ရဲဌာန အရေးယူမည်
DVB
·
June 16, 2022

ကရင်နီ(ကယား)ပြည်နယ်အတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်က တာဝန်ရှိသူတွေနဲ့ အားပေးကူညီသူတွေကို အရေးယူနိုင်ဖို့ မှတ်တမ်းတင်ထားပြီး သူလို့ကျူးလွန်ထားတဲ့ ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်ရဲဌာနက  ပြောပါတယ်။

ဇွန် ၁၄ ရက် နေ့လယ်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ်ထဲက ယူဆမိုဆိုရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ယူဆမိုဆိုကျေးရွာထဲက အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတယောက်၊ အသက် ၁၈ နှစ်အရွယ် ယောကျ်ားလေးတယောက်နဲ့ အသက် ၃ နှစ်အရွယ် ကလေးတယောက်တို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် လူနေအိမ် ၂ လုံးနဲ့ စပါးကျီ၊ ထော်လာဂျီ၊ ဆိုင်ကယ်တို့လည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ အားပေးကူညီသူတွေကို အရေးယူနိုင်ဖို့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲဌာနရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက “ဒီလို စစ်ကောင်စီက ကျူးလွန်တဲ့ဟာတွေကို အရပ်သားတွေကို ထိခိုက်တဲ့ ကိစ္စမျိုးမှာ ကျနော်တို့ အဲဒီလိုမျိုး မှတ်တမ်းတင်ထားတာပေါ့နော်။ နောင်တချိန်ကျရင် ကျနော်တို့ တာဝန်ရှိတဲ့သူကို သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပြန်လည်ရရှိစေဖို့ ကျနော်တို့ အဲဒါကို မှတ်တမ်းတင်ပြီးမှ အမှုဖွင့်ထားတာပေါ့။ ကျနော်တို့ ဒီဟာက အမှတ်စဉ်နဲ့ပေါ့ အဲလိုအမှုဖွင့်ထားတယ်။ နောင်တချိန်ကျရင် ကျနော်တို့ ပြန်အရေးယူမယ်ပေါ့” လို့ ပြောပါတယ်။

ဒီလို ပြန်အရေးယူနိုင်ဖို့ သက်သေစုဆောင်း အမှုဖွင့်ထားသလို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း NUG နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ချိတ်ဆက် ဆောင်ရွက်နေကြောင်းလည်း ကိုဘိုဘိုက ပြောပါတယ်။

“ပြောရမယ်ဆိုရင် အမှုအမှတ်စဉ် ၁ က ဘယ်နေ့မှာ၊ ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာ ကျနော်တို့ မှတ်တမ်းတင်ထားတယ်။ သက်သေတွေ စုဆောင်းထားတယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ မှတ်တမ်းတင်ထားတယ်ပေါ့။ ပြီးတော့မှ ဒီဟာတွေကိုလည်း သူတို့ လူ့အခွင့်အရေး ချိုးဖောက်ထားတဲ့ဟာတွေ ဖြစ်တဲ့အတွက် ဒီနိုင်ငံတကာအဖွဲ့အစည်းက ဒီဟာတွေနဲ့ဆိုင်တဲ့ စစ်ရာဇဝတ်မှုတို့ ဘာတို့ အဲလိုလုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ ပို့တယ်ခင်ဗျာ။ ပြီးတော့ NUG က လူ့အခွင့်အရေး အဖွဲ့အစည်းကိုလည်း ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ ဒီသက်သေအချက်အလက်တွေကို ကျနော်တို့ပို့တယ်။ ပြီးရင် ကျနော်တို့လည်း မှတ်တမ်းတင် အမှုဖွင့် သိမ်းဆည်းထားတယ်။”

ကရင်နီပြည်ရဲဌာနအနေနဲ့ ပြစ်မှုအမျိုးမျိုးနဲ့ အကျယ်ချုပ် ချုပ်ထားသူ ၅၁ ယောက်ရှိပြီး ရိုးရိုးချုပ်ထားသူ ၇၅ ယောက်၊ ပေါင်း ၁၂၆ ယောက်ရှိပါတယ်။ အဲဒီထဲကမှ အကျယ်ချုပ် ချုပ်ထားသူ ၂၄ ယောက်ကို ပြန်လွှတ်ပေးထားပြီး ၁၀၂ ယောက် ကျန်နေသေးကြောင်း ပြောပါတယ်။

တခြား ခိုးဆိုလုယက်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးသူတွေလည်း ရှိနေကြောင်း ပြောပါတယ်။

ကရင်နီပြည်ရဲဌာနအနေနဲ့ ဖမ်းဆီးထားသူရဲ့ပြစ်မှုအပေါ်မူတည်ပြီး ပြစ်ဒဏ်ချမှတ်ပေမဲ့ သေဒဏ်ပေးတဲ့အထိ မရှိဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်နယ်ရဲက သေဒဏ်တော့ မချဘူးပေါ့နော်။ ကျနော်တို့ကလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်။ နိုင်ငံတကာဥပဒေ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့အတွက် သေဒဏ်ချတာ နိုင်ငံတကာကလည်း လက်မခံဘူးပေါ့နော်။ ကျနော်တို့မှာ သေဒဏ်ချတာမျိုးတော့ မရှိဘူး။”ကရင်နီပြည်ရဲဌာန (KSP) ဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်ချက်အရ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ် စောင့်ရှာက်သွားရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024