DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် ပြောကြားချက် နောဒစ်နိုင်ငံများ ထောက်ခံ၊ မြန်မာစစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှု အပြင်းအထန်ရှုတ်ချ
DVB
·
June 14, 2022
ကုလအထူးကိုယ်စားလှယ် ပြောကြားချက် နောဒစ်နိုင်ငံများ ထောက်ခံ၊ မြန်မာစစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှု အပြင်းအထန်ရှုတ်ချ
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာရဲ့ ပြောကြားချက်အပေါ် ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စ်လန်စတဲ့ နိုင်ငံတွေပါဝင်တဲ့ နောဒစ်နိုင်ငံတွေက ထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် အင်အားသုံး အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ပူးတွဲ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နစ်နာမှု အတိုင်းအတာဟာ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး မေ့ထားလို့ မရကြောင်း၊  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မျှော်မှန်းထားကြတဲ့ မြန်မာပြည်သူပြည်သားတွေကို နောဒစ်နိုင်ငံတွေအနေနဲ့ ထောက်ခံကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးအဖြစ်နိုင်ဆုံး စကားလုံးတွေနဲ့ ဆက်လက်ရှုတ်ချပြီး အားလုံးပါဝင်တဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ သက်ဆိုင်သူတွေအားလုံးကို အားပေးတိုက်တွန်းတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အရပ်သားပြည်သူတွေကို  သေစေလောက်တဲ့ အင်အားသုံး  အကြမ်းဖက်မှုတွေကို နော်ဒစ်နိုင်ငံတွေက ရှုတ်ချကြောင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေခံတဲ့ အကြမ်းဖက်မှုသတင်းတွေနဲ့ ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုတွေကို ရှောင်ရှားပြီး ကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့ ဘက်အားလုံးကို နော်ဒစ်နိုင်ငံတွေက တိုက်တွန်းလိုက်ပြီး မြန်မာစစ်တပ်ဟာ သေဒဏ်စီရင်မှုတွေ ပြန်လုပ်ဖို့  စီစဉ်နေတဲ့ သတင်းတွေအပေါ်လည်း အလွန်အမင်းစိုးရိမ်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံက လူတွေအားလုံးနဲ့ သူတို့ရဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို အပြည်အဝ  လေးစားလိုက်နာ ကာကွယ်ပေးဖို့လည်း နောဒစ်နိုင်ငံတွေက မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိက္ခတွေနဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို တင်ပြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ခွဲခြားမှုနဲ့ ခေါင်းပုံဖြတ်မှုတွေ မရှိဘဲ ပေးအပ်ဖို့ အရေးကြီးတဲ့အကြောင်း အလေးပေးပြောကြားခဲ့တာ ဖြစ် ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေဟာ ဆိုးဝါးစွာ ကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တဝက်လောက်က နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်းနဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄ သန်းဟာ လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို ခုခံတိုက်ခိုက်နေသူတွေကိုလည်း တိုးမြှင့်ချေမှုန်းနေကာ လေကြောင်းနဲ့ တိုက်ခိုက်တာတွေကို ပြုလုပ်နေသလို ဘာသာရေးဆိုင်ရာ အဆောက် အအုံတွေအပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ကြုံရတဲ့ နိုင်ငံရေး အကြပ်အတည်း ပြေလည်စေရေး စစ်ကောင်စီက ရွေးကောက်ပွဲသစ် ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာ အယုံအကြည် သိပ်မရှိကြဘူးလို့လည်း ဒေါက်တာ နိုလင်းဟေဇာက ထောက်ပြထားပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအကြား  ပေါင်းကူပေးတဲ့ အခန်းကဏ္ဍ ကနေ ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး ထိခိုက်လွယ်သူအများစုရဲ့ ဆင်းရဲဒုက္ခတွေနဲ့ အကာအကွယ် လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းတည်ငြိမ်ပြီး မျှဝေကြွယ်ဝမှုကို အခြေခံတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပြည်သူ့ဆန္ဒကို ပံ့ပိုးပေးဖို့ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းက သက်ဆိုင်သူတွေနဲ့ တက်ကြွစွာထိတွေ့ ဆက်ဆံသွားမယ်လို့ ဝါရင့်သံတမန် ဒေါက်တာနိုလင်းဟေဇာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013