DVB Logo
Home
Lead Story
ကမ္ဘာ့သစ်ငုတ်ကြီးများ သို့မဟုတ် စစ်အခွင့်ထူးခံ ဘီလူးသဘက်ယုတ်များ
DVB
·
June 13, 2022
ကမ္ဘာ့သစ်ငုတ်ကြီးများ သို့မဟုတ် စစ်အခွင့်ထူးခံ ဘီလူးသဘက်ယုတ်များ
Donate to DVB

ဒီကနေ့ မြန်မာနိုင်ငံမှာ မူလပိုင်ရှင် ပြည်သူလူထု အလိုမတူဘဲ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာလုယူရုံသာမက မတရားမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံသူနိုင်ငံသားများစွာကို ရမ်းကားရက်စက်စွာ သတ်ဖြတ်ခဲ့တာ ၁ နှစ်နဲ့ ၄ လကာလ ကျော်ခဲ့တာတောင် ဝဋ်လည်မှာ၊ အပယ်လားမှာ၊ ငရဲကျမှာ မကြောက်ဘဲ ဆက်လက်သောင်းကျန်း မိုက်ရိုင်းနေကြတဲ့ စစ်ဘီလူး သဘက်တွေဆိုတာ ကံနဲ့ ကံ၏အကျိုးကို မယုံကြည်တဲ့ သတ္တဝါမျိုးတွေသာ ဖြစ်တယ်။

ဒါကြောင့်မို့လို့လည်း အကြမ်းဖက်အာဏာလုယူခဲ့တာ ၁၅ လအတွင်းမှာ စစ်ဘီလူးသဘက်တွေဟာ ပြည်သူ ၃,၁၆၅ ဦးကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ ၁,၁၁၂ ဦး ဒဏ်ရာရစေခဲ့ပြီး ပြည်သူလူထု ၁၆,၂၅၁ ဦးကို ဖမ်းဆီးအကျဉ်းချခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံနဲ့တဝန်းမှာ အိမ်ခြေ ၂၀,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာမို့ လူပေါင်း ၁ ဒသမ ၂ သန်းကျော်က စစ်ဘေးရှောင်ပြီး ရွှေ့ပြောင်းဒုက္ခသည်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာ ယခုတိုင်ပါပဲ။

Media Monitor Collective ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မေလအထိ မြို့နယ် ၈၆ ခုမှာ ကျေးရွာပေါင်း ၄ဝဝ ကျော်မှာရှိတဲ့ ပြည်သူပိုင်နေအိမ် ၁၉,၆၃၅ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ဘေးရှောင်ပြီး ရွှေ့ပြောင်းဒုက္ခသည်အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ အရေအတွက်က ၁,၂၁၀,၈၄၆ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးဘာသာ သာသနာကိုသာ ကုန်းအော်နေကြပေမဲ့ ဗေဒင်ယတြာတွေသာယုံတဲ့ စစ်အုပ်စုဟာ ကံနဲ့ ကံ၏အကျိုးကို မယုံကြည်လို့သာ ဒီလောက်များပြားတဲ့ အကုသိုလ် ဒုစရိုက်တွေ၊ စစ်ရာဇဝတ်မှုတွေကို ပယ်ပယ်နယ်နယ် ကျူးလွန်ရဲကြတာ ဖြစ်ပါတယ်။

မိစ္ဆာစစ်ဘီလူးတွေဟာ ကံ၏အကျိုးမရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တဲ့ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိဆယ်ပါး အပါယ်လားဖို့ ကမ္မပထမြောက်သွားတာမို့ တည်တောဆရာတော်ကြီး ဟောကြားခဲ့သလို ထိုသူတို့ကွယ်လွန်လျှင် လူ့ဘဝ၊ နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊ ကမ္ဘာပျက်လျှင် မိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင် အခြားမပျက်သေးတဲ့ ကမ္ဘာမှာကူးပြီး ငရဲခံရမှာ ဖြစ်ပါတယ်။

အဲဒါအပြင် အယူမှားယူမိတဲ့သူတို့ဟာ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင် စွဲယူထားတဲ့အတွက် ဘုရားရှင်ပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင် အလွန်အယူပြင်းထန်တာကြောင့် အပါယ်ပြီး အပါယ်ကျလို့ ကမ္ဘာ့သစ်ငုတ်ကြီးများအဖြစ် ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန်တွေမှာ ဖွင့်ပြထားပါတယ်။

စစ်အခွင့်ထူးခံ အသိုင်းအဝိုင်း အားလုံးဟာ ရေပွက်ပမာ တခဏသာကြာမယ့် လူ့ဘဝမှာ မသန့်စင်တဲ့ စည်းစိမ်ဥစ္စာနဲ့ အာဏာလောဘကြောင့် မောဟအမှောင်ဖုံးလို့ ဒီဘဝတင်သာမက သံသရာအဆက်ဆက် ပြန်ပေးဆပ်ရမယ့် အကုသိုလ်ဒုစရိုက်မှုတွေကို အသိဉာဏ်ကင်းမဲ့စွာ ကျူးလွန်ရင်း လမ်းဆုံးနေကြတာ ဖြစ်တယ်။

သူတို့ဟာ ဆေး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့ စီရင်ခြင်း သဘောအားဖြင့် ထုလုပ်ထားတဲ့ ညာတင်ကုပ် ဆင်းတုတွေ ပူဇော်ကိုးကွယ်ကြတာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဓမ္မတရားတွေအပေါ် သက်ဝင်ယုံကြည်လို့ မဟုတ်ဘဲ လောကီအကျိုးစီးပွား၊ လာဘ်လာဘတွေ ရရှိရေးအတွက် အယူမှားနေကြသူတွေ ဖြစ်တယ်။

အာဏာလုစစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်သလို အင်မတန်မှလည်း ကောက်ကျစ်တတ်တာ အားလုံးသိပြီး ဖြစ်ပါတယ်။ အရှက်နဲ့ ဂုဏ်သိက္ခာမရှိတဲ့ စစ်ဘီလူးတွေဟာ မြန်မာပြည်အနှံ့အပြားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတိုင်းမှာ အရှုံးကြီးရှုံးပြီး အကျအဆုံးများလာတော့ သူတို့မနိုင်တဲ့အခါ လွယ်ကူတဲ့ပစ်မှတ်ဖြစ်တဲ့ အပြစ်မဲ့ ပြည်သူလူထုကိုပဲ ဒုက္ခပေးလာခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာရှင်စစ်အုပ်စုနဲ့ လက်ပါးစေတွေဟာ ကျေးလက်ပြည်သူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်တာတွေ၊ လူထုကို လူသားဒိုင်းအဖြစ် အသုံးချတာ၊ မီးရှို့တိုက်ခိုက်တာတွေ၊ ရွာလုံးကျွတ် နေအိမ်တွေကို တမင်တကာ မီးရှို့ခဲ့ကြတာ၊ စားနပ်ရိက္ခာ ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်တွေကိုပါ ဖျက်ဆီးသတ်ဖြတ်ခဲ့ကြတာဟာ သူခိုးဓားပြထက်ဆိုးတဲ့ ရန်သူထက်မကဘဲ လူ့အဖွဲ့အစည်းကနေ အမြစ်မကျန် ဖယ်ရှားအပ်၊ ခွင့်မလွှတ်အပ်တော့တဲ့ မကောင်းဆိုးဝါး အသိုင်းအဝိုင်းအဆင့် ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံရဲ့ သွေးဆိုးပြည်ပုပ်သဖွယ် ဖြစ်လာတဲ့ စစ်အခွင့်ထူးခံ အုပ်စုတစုလုံးဟာ မကောင်းမှုဒုစရိုက် ရှိသမျှကို မြိန်မြိန်ရှက်ရှက် ကျူးလွန်နေကြတာမို့ သူတို့ရဲ့‌ နောက်ဆုံး အချိန်စေ့နေချိန်မှာကို ကမ်းကုန်‌အောင် မိုက်ရိုင်းယုတ်မာနေကြတာကြောင့် ဒီဘဝမှာတင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းဆုံးမ အပြစ်ပေးတာကို ခံရမယ့်အပြင် သူတို့ သေလွန်ပြီးတောင် အပါယ်ပြီး အပါယ်ကျလို့ တကမ္ဘာပြီး နောက်ကမ္ဘာများစွာ သံသရာအဆက်ဆက် သူတို့ရဲ့အကုသိုလ်ကံတွေက လိုက်ပါအကျိုးပေးတာကို ဆင်းရဲခြင်းကြီးစွာ ပြန်လည်ပေးဆပ်ရမယ့် ကမ္ဘာ့သစ်ငုတ်ကြီးတွေ ဖြစ်လာရတော့မှာပါ။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013